
မော်လမြိုင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ ဈေးများကိုလည်း ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှု ရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြစေလို ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံစဉ် မှာကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံပွဲကို မော်လမြိုင်မြို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက ကျင်းပခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ် အခွန်နှင့် သာမန်ရငွေစာရင်း၊ ငွေလုံး ငွေရင်း အသုံးစရိတ်စာရင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ညွှန်ကြား ရေးမှူးနှင့် သက်ဆိုင်ရာ မြို့နယ်အမှုဆောင်အရာရှိ များက ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
မွန်ပြည်နယ်သည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် သည်နှင့်အညီ ဒေသထွက်ရိုးရာဝတ်စုံများနှင့် အစား အသောက်များဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ပြည်သူများစွာ စိတ်ဝင်စားမှုရှိသည့်အပြင် တန်ခိုး ကြီးဘုရား၊ ပုထိုးစေတီများ၊ ရှေးဟောင်းသမိုင်းဝင် သာသနိက အဆောက်အအုံများစွာရှိသည့် ပြည်နယ် တစ်ခုဖြစ်သည်။
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မြို့နယ်များ သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ်မှု စနစ်တကျရှိစေရေး၊ မြို့ပြနှင့် ကျေးလက် ဟန်ချက် ညီညီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် လမ်း၊ တံတားများ အသစ် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို လည်း ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ဇာဖြူဝင်း(ပြန်/ဆက်)