
နေပြည်တော် နိုဝင်ဘာ ၁၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှု စစ်ဆေးသည်။
မှာကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အားကစားကွင်း/ ရုံများ၌ လာရောက် ကစားနိုင်ရေး၊ စခန်းဝင် လေ့ကျင့်မည့် အားကစား သမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင်လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံ အားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း တာဝန်ရှိသူများ အား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ် အားကစားခန်းမကိုလည်းကောင်း၊ သထုံ ခရိုင် ဘောလုံးအားကစားကွင်းကိုလည်းကောင်း၊ သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှစ်ထပ်ရုံး(အသစ်)နှင့် ကာယဗလနှင့် ကာယအလှ အားကစားခန်းမ(အသစ်) တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ ကျိုက်ထိုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ အားကစားခန်းမ အား ကြည့်ရှုစစ်ဆေးပြီး အားကစားခန်းမ သန့်ရှင်း သပ်ရပ်စွာ ဆောင်ရွက်ထားရှိရန်နှင့် ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းပြေ လာရောက်ကစား နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန်၊ ပျက်စီး ယိုယွင်းနေမှုများ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဝေါမြို့နယ်ရှိ ဘောလုံးအားကစား ကွင်း၌ ပွဲကြည့်စင်အသစ် ပြန်လည်တည်ဆောက် မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်