
မန္တလေး နိုဝင်ဘာ ၄
မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော် တွင် ရှေးဘုရင်အသုံးအဆောင်များ ခင်းကျင်း ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ စီစဉ်ဆောင်ရွက်လျက် ရှိရာ ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိကများအနေဖြင့် အထောက်အထား နှင့်တကွ လာရောက်လှူဒါန်းနိုင်သည်ဟု အသိပေးကြေညာထားကြောင်း ယင်းဌာနမှ မြနန်းစံကျော်ရွှေနန်းတော် တာဝန်ခံက ပြောသည်။
အများပြည်သူအနေဖြင့် မြနန်းစံကျော် ရွှေနန်းတော်သို့ လာရောက်လေ့လာသည့် အခါ သမိုင်းပန်းချီကားများအဖြစ်သာ တွေ့မြင်နေရာက လက်တွေ့ပြင်ပတွင် ရုပ်ဝတ္ထုအဖြစ် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များကို အများပြည်သူမှ တန်ဖိုး ထားထိန်းသိမ်းစေရန် ရည်ရွယ် ကြောင်း သိရသည်။
“ဘုရင်အသုံးပြုခဲ့တဲ့ ရေ တကောင်းတို့၊ ကွမ်းအစ်တို့၊ သလွန် စတဲ့အသုံးအဆောင်တွေ ကို မှန်နန်းဆောင်က ဘုရင် မင်းမြတ်စက်တော်ခေါ်တဲ့ အိပ် ဆောင်မှာ ထားရှိဖို့ စီစဉ်ဆောင် ရွက်နေပါတယ်။ ဘုန်းတော်ကြီး ကျောင်းတွေမှာဖြစ်စေ၊ ပုဂ္ဂလိက တွေမှာဖြစ်စေ ရှေးဘုရင်တွေ အသုံးပြုခဲ့တဲ့ အသုံးအဆောင် တွေရှိရင် အလှူခံနေပါတယ်။ လတ်တလောအနေနဲ့ ဘုရင့်အသုံး အဆောင်တွေကို ဗီနိုင်းနဲ့ ချိတ်ဆွဲ ပြသဖို့ စီစဉ်နေပါတယ်”ဟု ၎င်းက ပြောသည်။
ချီးမြှင့်ငွေများပေးအပ်မည်
ဘုရင်များ၏ အသုံးအဆောင် များကို ပန်းချီကားများမှ ရုပ်ဝတ္ထု အနေဖြင့် ပြသနိုင်ရန် စီစဉ်ခြင်း ဖြစ်ရာ ရှေးဘုရင်အသုံးအဆောင် များကို သက်ဆိုင်သည့် အထောက် အထားများနှင့် လာရောက် လှူဒါန်းမှုများမှ ရှားပါးတန်ဖိုး ကြီးမားသော ပစ္စည်းဖြစ်ကြောင်း ရွေးချယ်စိစစ်ပြီး ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ချီးမြှင့်ငွေများ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရ သည်။
လာရောက်လေ့လာ
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် မန္တလေးတောင်အနီး၌ မင်းတုန်းမင်းကြီးက မြန်မာနှစ် ၁၂၂၁ ခုနှစ်တွင် ရတနာပုံ (မန္တလေး) မြို့တည်၍ မြနန်းစံကျော် ရွှေနန်း တော်တည်ဆောက်ခဲ့ရာ နှစ်ပေါင်း ၁၆၀ ကျော်ပြီဖြစ်သည့် ရှေးဟောင်း အမွေအနှစ်၊ ရတနာပုံခေတ် ယဉ်ကျေးမှုကို စိတ်ဝင်တစား လာရောက် လေ့လာကြသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည် များပြားကြောင်း သိရသည်။
မောင်အေးချမ်း