
ပြင်ဦးလွင် စက်တင်ဘာ ၁၇
မြန်မာ့ထွက်ကုန်ဖြစ်သော Hass ထောပတ်သီးမျိုးကို ယခုနှစ်ရာသီတွင် ဒူဘိုင်းနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ သွားနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။
အဆိုပါနိုင်ငံများမှ Hass ထောပတ်မျိုးများကို ဝယ်ယူရန်အတွက် အမှာစာများပေးပို့ထားကြောင်း၊ လက်ရှိအချိန်တွင် ယင်းနိုင်ငံများမှ ပေးသည့်ဈေးနှုန်း များနှင့် တောင်သူများထံမှ ပြန်လည်ဝယ်ယူရမည့် ဈေးနှုန်းကိုက်ညီမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ ထောပတ်ခူးဆွတ်ချိန်သည် ဒီဇင်ဘာလ တွင် ခူးဆွတ်မည်ဖြစ်၍ ယင်းနိုင်ငံများမှ အမှာရှိ သလောက် တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။
“ဒူဘိုင်းနဲ့ စင်ကာပူနိုင်ငံတွေက တင်ပို့နိုင်ဖို့ အတွက် အမှာစာတွေ ရောက်ရှိထားပါတယ်။ လက်ရှိ မှာ ဈေးကောင်းရရှိဖို့အတွက် ဈေးနှုန်းတွေ ညှိနှိုင်း နေပါတယ်။ Hass မျိုးကိုပဲ အဓိကပို့ဆောင်သွား မှာပါ။ ပြည်ပဝယ်လိုအားကောင်းတာက Hass အမျိုး အစားထောပတ်သီး ဖြစ်ပါတယ်။ တောင်သူတွေဆီ ကလည်း ထောပတ်သီးတွေ တစ်နှစ်ပြီးတစ်နှစ် လှိုင်လှိုင်ထွက်ရှိလာတော့မှာဖြစ်တာကြောင့် ဈေး ကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေပါ တယ်။ ၂၀၁၈ ခုနှစ်ကတည်းက ထောပတ်သီးက မြန်မာနိုင်ငံရဲ့မဟာဗျူဟာမြောက် ပြည်ပပို့ကုန်ထဲမှာ ပါဝင်ပါတယ်။ နိုင်ငံခြားမျိုးတွေ စစိုက်ကတည်းက ပြည်ပပို့ကုန်အတွက် ရည်ရွယ်တာပါ။ ဒါကြောင့် ပြည်ပဈေးကွက်ရရှိရေးကိုလည်း ကြိုးစားဆောင် ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ်ထောပတ်သီးရာသီချိန်တွင် ဝယ်ယူရန် အတွက် ဒူဘိုင်းမှမှာယူမှုသည် ၁၅ ရက်တစ်ပတ် လျှင် တန်ချိန် ၃၀ ခန့်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက် ထားကြောင်း၊ ထို့အတူ စင်ကာပူနိုင်ငံသို့လည်း တန်ချိန် ၃၀ ခန့်တင်ပို့ရမည်ဖြစ်ကာ အဆိုပါထောပတ်သီး တင်ပို့ခြင်းကို ရာသီတစ်လျှောက်လုံး တင်ပို့မည် ဖြစ်ကြောင်း၊ ယင်းနိုင်ငံများမှ အမှာရှိသလောက် တင်ပို့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ကြောင်း၊ ယင်းနိုင်ငံများအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက် နေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)