မြန်မာထွက်ကုန် ပဲစင်းငုံသီးနှံများ အိန္ဒိယနိုင်ငံမှ သက်တမ်းတိုးဝယ်ယူမည်ဆိုသည့် သတင်းများကြောင့် မူလဈေးနှုန်းထက် ရာနှုန်းပြည့် မြင့်တက် 


 

မန္တလေး စက်တင်ဘာ ၂၁


ယခုရက်ပိုင်းအတွင်း မြန်မာ ထွက်ကုန်  ပဲစင်းငုံသီးနှံများအား အိန္ဒိယနိုင်ငံမှ   သက်တမ်းတိုးဝယ် ယူမည်ဆိုသည့်    သတင်းများ ကြောင့်   မန္တလေးပဲဈေးကွက်၌ မူလပေါက်ဈေးထက် ဈေးနှုန်းများ ရာနှုန်းပြည့် မြင့်တက်နေကြောင်း မန္တလေး   ပဲကုန်သည်များထံမှ သိရသည်။ 
၂၀၂၁ ခုနှစ်      ပဲရာသီတွင် အဆိုပါ      ပဲစင်းငုံဈေးနှုန်းမှာ ပေါ်ဦးပေါ်ဖျား  မတ်လအတွင်းက သုံးတင်းဝင်     တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀ နှုန်းဖြင့် အဖွင့် ဈေးစခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း    အိန္ဒိယနိုင်ငံ၏   ဝယ်လိုအား များပြားလာခြင်းနှင့်အတူ သက်တမ်းတိုးဝယ်ယူမည်ဆိုသည့်    သတင်းများကြောင့်  လက်ရှိ စက်တင်ဘာလ တတိယပတ်တွင်  သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ နှုန်းအထိ ရာနှုန်းပြည့် ဈေးနှုန်းမြင့်တက်ကာ အရောင်း အဝယ်မှာလည်း သွက်လက်မြန်ဆန်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။ 
“အိန္ဒိယနိုင်ငံက  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံတွေကို ယခင်က အောက်တိုဘာလအထိ တင်ပို့ခွင့်ပြုထားရာကနေ ယခုဒီဇင်ဘာလ အထိ သက်တမ်းတိုးပေးပြီးတော့ ဝယ်ယူမယ်ဆိုတဲ့သတင်း ကြားသိရ ပါတယ်။ ပဲစင်းငုံက ဒီနှစ် လက်ကျန်နည်းနေတယ်။ နိုင်ငံခြားဝင်ငွေ တန်ဖိုးကလည်း    တက်နေပါတယ်။  အိန္ဒိယဝယ်လိုအားကလည်း များပြားနေတဲ့အတွက် ဈေးက တက်လာတာပါ။ အခုလိုဈေးနှုန်းမြင့်တက် လာတာကြောင့်   ပဲစင်းငုံစိုက်တောင်သူတွေ  အားတက်စရာပါ။ ကုန်သည်တွေအနေနဲ့လည်း အမြတ်အစွန်းရရှိတဲ့နှစ်လို့ ပြောလို့ရပါ တယ်။ ပဲစင်းငုံဈေးကွက်က အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို မူတည် နေပါတယ်။ ၂၀၁၇ ခုနှစ်က တင်သွင်းခွင့်ကို ကိုတာစနစ်နဲ့ ပြုပြင် ပြောင်းလဲခဲ့တဲ့အတွက်   ပဲစင်းငုံ   သုံးတင်းဝင်တစ်အိတ်ကို  ငွေကျပ် ၃၀၀၀၀ အထိ ကျဆင်းခဲ့လို့ တောင်သူတွေနဲ့ ကုန်သည်တွေမှာ အကြီး အကျယ် ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်”ဟု ၎င်းက ရှင်းပြ သည်။
ဆက်လက်၍   ၎င်းက “လာမယ့်နှစ်  ပဲရာသီမှာ  ပဲစင်းငုံက  အထွက်နှုန်းကောင်းမယ်လို့   ခန့်မှန်းထားပါတယ်။  အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်ပို့ခွင့်ပြုတာကြောင့်    ဈေးကွက်လည်း    ရှင်သန် သွက်လက်နေပါတယ်။ ဒီနှစ်မှာ ပဲစင်းငုံက တစ်မူထူးခြားတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ မြန်မာထွက်ကုန်သီးနှံတွေကနေ   နိုင်ငံခြားငွေ ရှာဖွေပေးတဲ့နေရာမှာလည်း  အဆင့်တစ်ဆင့်မှာရှိပါတယ်” ဟု ပြော သည်။
၂၀၂၁ ခုနှစ်  ပဲရာသီတွင် အိန္ဒိယနိုင်ငံမှ ဈေးကွက်လိုအပ်ချက်အရ လွတ်လပ်စွာ ဖွင့်လှစ်ပေးလိုက်သည့်အတွက် အားတက်စရာဖြစ်နေ ကြောင်း၊ ပဲစင်းငုံသီးနှံကို အထက်မြန်မာပြည်ဖြစ်သည့် မကွေးတိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့်  စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင်  အဓိကထား စိုက်ပျိုးကြကြောင်း၊  လက်ရှိအချိန်တွင်  ပဲစင်းငုံကို  သြဂုတ်လမှစတင် စိုက်ပျိုးခဲ့ရာ မိုးလေဝသ ကောင်းမွန်မှုကြောင့် အပင် ဖြစ်ထွန်းကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 
မင်းထက်အောင်(မန်းကိုယ်ပွား)