
နေပြည်တော် ဒီဇင်ဘာ ၁၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ သိုင်းအဖွဲ့ချုပ်တို့မှ ပူးပေါင်း ကျင်းပသည့် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့် နည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ခန်းမ၌ ကျင်းပသည်။
နှစ်ပေါင်းများစွာက ရှိခဲ့
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ သိုင်းအားကစားနည်းသည် မိမိ နိုင်ငံ၊ မိမိလူမျိုး၊ မိမိဇာတိမာန်၊ စိတ်ဓာတ်တို့ကို အဓိကဖော်ကျူး ပြသသည့် အားကစားနည်းဖြင့်ပါ ကြောင်း၊ မြန်မာ့သိုင်းအားကစား နည်းသည် ရှေးဘုရင်လက်ထက် ယခင်နှစ်ပေါင်းများစွာက ရှိခဲ့ကြ ပြီး အစဉ်အဆက် မိဘမျိုးရိုး စောင့်ထိန်းလာခဲ့သည့် မိမိတို့ လူမျိုး၏ ကိုယ်ခံအတတ်ပညာ တစ်ခုအနေဖြင့် အမြတ်တနိုး တလေးတစားသင်ယူခဲ့ကြကြောင်း မိမိနိုင်ငံ မိမိလူမျိုးတို့ကို တိုင်း တစ်ပါးသားတို့က မကျူးကျော် မစော်ကားရအောင် သင်ကြားခဲ့ရ သော ပညာရပ်တစ်ခုဖြစ်ပြီး အစဉ်အလာ ကောင်းရှိခဲ့သော အားကစားနည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသိုင်းအားကစားအဖွဲ့ချုပ်အနေဖြင့်လည်း အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီး ဌာနတို့၏ ဦးဆောင်လမ်းညွှန်မှု ခံယူပြီး မြန်မာလူမျိုးတို့၏ ရိုးရာ အမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်း ပညာကိုဖော်ထုတ်ကာ တိုးတက် ပြန့်ပွားအောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိုင်းအဖွဲ့ အစည်းများ၊ သိုင်းပညာရှင်များ ကို ခေါ်ယူကာ မျိုးဆက်သစ် အားကစားသမားများ ပေါ်လာစေ ရန်ရည်ရွယ်၍ မြန်မာ့သိုင်းပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပပေးလျက်ရှိ ကြောင်းကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲကို စနစ်တကျ နည်းစနစ် မှန်ကန်စွာကျင်းပပြီး ထူးချွန် ထက်မြက်သည့် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရေး အတွက် တာဝန်ယူကြရမည့် ဒိုင်လူကြီး နည်းပြများအနေဖြင့် နည်းစနစ်နှင့် နည်းဥပဒေတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ အစည်းအားလုံး သည် ဝန်ကြီးဌာနနှင့် မိသားစု သဖွယ်ခံယူ၍ အရာရာတိုင်း လိုအပ်သမျှ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် စုစည်းမှုသည် အင်အား၊ ညီညွှတ်မှုသည် အင်အားဖြစ်ပါကြောင်း။
အစဉ်အမြဲ ပူပေါင်းဆောင်ရွက်
သို့ဖြစ်၍ မြန်မာနိုင်ငံ သိုင်းအားကစား အဖွဲ့ချုပ်အနေ ဖြင့် ဝန်ကြီးဌာနနှင့် အစဉ်အမြဲ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ လည်း မြန်မာ့သိုင်းပညာများကို ရှင်သန် တိုးတက်စေလိုပါကြောင်း၊ မြန်မာ့သိုင်း အဖွဲ့ချုပ်အားလုံး ပေါင်းစည်းရန်၊ အားပေးရန်၊ တိုးတက်ရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင် ရန် လမ်းညွှန်မှာကြားထားပါကြောင်း။
သို့ဖြစ်ပါ၍ သင်တန်းသို့ တက်ရောက်လာကြသော သင် တန်းသား/ သင်တန်းသူများအနေ ဖြင့် သင်တန်းမှ သင်ကြားမှု အားလုံးကို လေးစားစွာဖြင့် သင်ကြားခံယူပြီး နောက်မျိုးဆက် သစ် အားကစားသမားကို ပြုစု ပျိုးထောင်ပေးနိုင်ရန် လိုအပ်ပါ ကြောင်း၊ မြန်မာ့သိုင်းပညာကို နောက်မျိုးဆက်များသို့ ပြန်လည် သင်ကြား ပြသနိုင်သည်အထိ နည်းပြကောင်းများ၊ ဒိုင်လူကြီး ကောင်းများဖြစ်ရန် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်း တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ သိုင်းပညာရှင် အမျိုးသား၁၉ဦး၊ အမျိုးသမီး ခုနစ် ဦး စုစုပေါင်း ၂၆ဦး တက်ရောက် သင်ကြားမည်ဖြစ်ပြီး သင်တန်း အား ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက် အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။သတင်းစဉ်