မြန်မာ့ရိုးရာယဉ်ကျေးမှုဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များကိုဂုဏ်ပြု

 

တောင်ကြီး   အောက်တိုဘာ   ၂၁


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊   အရေး၊  အတီး  ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆု ဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲ ဝင်များအား  ဂုဏ်ပြုချီးမြှင့်ပွဲကို  ယနေ့နံနက်  ၁၀ နာရီက   တောင်ကြီးမြို့   တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 


ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာနိုင်ငံအတွင်း နေထိုင် ကြသော တိုင်းရင်းသားမျိုးနွယ်များ၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်စရိုက် လက္ခဏာများ မပျောက်ပျက်စေရေး၊ ပိုမိုခိုင်မာသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ် ကျင်းပသည့် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲ ကို   အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး   ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအသီးသီးတွင်    ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်မောင်မယ်  အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၆၂ ဦး စုစုပေါင်း ၁၀၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတစ်ခု၊ ငွေရှစ်ခု ၊   ကြေးငါးခု ၊  နှစ်သိမ့်ဆု  ငါးဆု စုစုပေါင်း ဆု ၁၉ ခု ရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခြေခံပညာအဆင့် ဒိုးပတ်ပြိုင်ပွဲတွင်   ထပ်အိမ်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖွဲ့အနေဖြင့် ပထမဦးဆုံးယှဉ်ပြိုင် ပွဲတွင်   ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး  အခြားဆိုင်းဝိုင်း အဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက်၊ ဆိုင်းဝိုင်းတစ်ဦးချင်း နှင့်     ပလွေပြိုင်ပွဲအားလုံးတွင်လည်း   ငွေ၊  ကြေး ဆုတံဆိပ်များ  ဆွတ်ခူးနိုင်ခဲ့ပါကြောင်း၊   (၂၃)ကြိမ် မြောက် အတီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ထပ်အိမ်ဂူအဖွဲ့က  ပြည်နယ်ဂုဏ်ကို  ဆောင်နိုင်ခဲ့ သော       အဖွဲ့အဖြစ်မှတ်တမ်းတင်ဂုဏ်ပြုရမည် ဖြစ်သလို အခြားသော အဆို၊ အကနှင့် အရေးပြိုင်ပွဲ များတွင် ထိုက်သင့်သောအောင်မြင်မှု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်  မောင်မယ်များကိုလည်း  မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိ သူများနှင့် ကြီးကြပ်သူများကို ဆုများပေးအပ်ချီးမြှင့် သည်။

 


ဆက်လက်ပြီး ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ပါမောက္ခချုပ်   ဒေါက်တာအောင်နေမျိုးက ပြိုင်ပွဲနှင့် စပ်လျဉ်း၍    အတွေ့အကြုံများ   ရှင်းလင်းတင်ပြပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီး  ဗဟိုအဆင့်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရှင် မစုယွန်းရွှေရည်က အကအလှများဖြင့်လည်းကောင်း၊   ရွှေတံဆိပ်ရှင်   ဒိုးပတ်အဖွဲ့မှ အတီးဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။        

သတင်းစဉ်