
သီပေါ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျောက်မဲမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပရာ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်သက်အောင်ဇင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးတို့ကို ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲသို့ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များမှ ပြိုင်ပွဲဝင် ၅၇ ဦး ပါဝင်ယှဉ်ပြိုင် ကြပြီး ဆုရသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါ ခရိုင်အဆင့်ထူးချွန်သူများ ကို ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်စေလွှတ် ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။
စိုင်း(သီပေါ)