မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရ

 

ရန်ကုန်  မေ  ၁၁
ဆီးဂိမ်း Kun Khmer ပြိုင်ပွဲကို မေ ၆ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာ Kun Khmer အဖွဲ့ ပြိုင်ပွဲအပြီးတွင် ငွေနှစ်ခု ကြေးခုနစ်ခု ဆွတ်ခူးရရှိခဲ့သည်။
မေ ၁၁ ရက်ကကျင်းပသည့် ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာ Kun Khmer အဖွဲ့သည် ဗိုလ်လုပွဲတစ်ပွဲ ယှဉ်ပြိုင်ရသော်လည်း မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။ အမျိုးသား ၈၁ ကီလိုတန်း ဗိုလ်လုပွဲတွင်  ထွန်းထွန်းမင်းနှင့် အိမ်ရှင် ကမ္ဘောဒီးယားကစားသမား ဆမ်မန် ရမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဆမ်မန်ရမ်က ၃၀-၂၇ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ပြီး ထွန်းထွန်းမင်းမှာမူ ငွေတံဆိပ်ဆု ဖြင့် ကျေနပ်ခဲ့ရသည်။ ပြိုင်ပွဲအပြီးတွင် မြန်မာ Kun Khmer အဖွဲ့သည် ငွေတံဆိပ်ဆုများကို အမျိုးသား ၈၁ ကီလိုတန်းတွင် ထွန်းထွန်းမင်း၊ အမျိုးသမီး ၄၈ ကီလိုတန်းတွင် မေသဇင်ထူး၊ ကြေးတံဆိပ်ဆုများကို အမျိုးသား ၅၄ ကီလိုတန်းတွင် ဟိန်းသူ အောင်၊ အမျိုးသား ၅၇ ကီလိုတန်းတွင် စောအတစ်၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်းတွင် စောလှဝင်းစိုး၊ အမျိုးသား ၇၁ ကီလိုတန်းတွင် နိုင်ရဲလင်း၊  အမျိုးသား ၇၅  ကီလိုတန်းတွင် ကျော်လင်းထက်၊ အမျိုးသမီး ၅၁ ကီလိုတန်းတွင် မာရီနာ၊ အမျိုးသမီး ၅၇ ကီလိုတန်းတွင် ဥမ္မာစိုးတို့က ရရှိခဲ့သည်။
ဆီးဂိမ်း Kun Khmer  ပြိုင်ပွဲတွင်  ကီလိုတန်း ၁၉ တန်း ထည့်သွင်းကျင်းပပြီး မြန်မာအသင်းက ငွေနှစ်ခု၊ ကြေးခုနစ်ခု ရရှိခဲ့သည်။                                         
 ရဲရင့်လွင်