
ရန်ကုန် နို၀င်ဘာ ၁၆
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြု သောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ပေးအပ်နိုင်ရေး စိစစ်ရွေးချယ်ထုတ်ပြန်ခဲ့ရာ ဆုရရှိသော စာရေးဆရာကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံဂါရ၀ပြုမေးမြန်းခဲ့သည်။ စည်သူဒေါက်တာသော်ကောင်း
အင်္ဂလိပ်ဘာသာ(သုတ)ဆု
“ကျွန်တော့်စာအုပ်က တခြားဟာနဲ့ မတူပါဘူး။ စာမျက်နှာပေါင်း ၆၅၀ ကျော် ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့် အတွက် လုပ်တာဆိုတော့ ၁၀ တန်း ဖြေဆိုပြီးသူတွေအတွက်လည်း ပါတယ်။ ၁၀ တန်း ဖြေဆိုပြီးသူတွေက သဒ္ဒါ အတွက်ရော၊ နောက်ပြီးတော့ မြန်မာပြည် မှာ ထွန်းကားလာတဲ့ အကြောင်းတွေ၊ ပြီးတော့ ပေ၊ ပုရပိုက်နဲ့ ရှေးဟောင်းစာပေ ထိန်းသိမ်းရေးတွေ အတိအကျပါတယ်။ ကာလပေါ် ဝတ္ထုအကြောင်းတွေနဲ့ သမိုင်း ကြောင်းတွေ အများကြီး ပါဝင်ပါတယ်။
“အင်္ဂလိပ်လို ရေးဖြစ်တာကလည်း နိုင်ငံတကာက မြန်မာပြည်ကို လေ့လာ သူလည်းဖြစ် စာဖတ်ပရိသတ်အနေနဲ့ပေါ့။ မြန်မာပြည်နဲ့ မြန်မာ့ယဉ်ကျေးမှုစာပေ သမိုင်းကို ပိုပြီးအတိအကျ သိစေချင်လို့ပါ။ နိုင်ငံတကာမှာ ရေးတာတွေက မှားတာ တွေ တွေ့ရတာမို့ တိကျစွာရေးဖြစ်တာပါ။ အရေးတော်ပုံဆိုလည်း ရောနေတာ တွေ့ရတယ်။ ဟံသာဝတီ ဆင်ဖြူများရှင် အရေးတော်ပုံရှိမယ်။ အလောင်းမင်း တရားကြီးရဲ့ သားတော် ဆင်ဖြူရှင် အရေးတော်ပုံတို့ ရောကုန်တာတွေရှိ တယ်။ အလောင်းမင်းတရားကြီး အရေး တော်ပုံဆို ရောနေတာတွေ သုံးမျိုး လောက်ရှိတယ်။ ပထမထုတ်တုန်း ကလည်း အတိအကျ သူတို့မသိကြဘူး။ ဘယ်သူက ရေးတယ်ဆိုတာပေါ့နော်၊ ဒါတွေအားလုံးက ပြန်ဖော်ထုတ်လို့ ရပါ တယ်။
“ဆရာက ပေ၊ ပုရပိုက် အဓိကကိုင်တာ ဆိုတော့ အဲဒါနဲ့ပြန်လိုက်တာပေါ့။ ခုတော့ အဲဒါတွေကတော့ စာအုပ်တွေလည်း ထွက်ပြီးပြီလေ၊ ဆရာကိုယ်တိုင်က ပေကနေ စာအုပ်ဖြစ်အောင် လုပ်ရေးတာ ပေါ့။ အင်္ဂလိပ်လို ပြန်တာလည်း ရှိတာ ပေါ့။ အဲဒါမျိုးလေးတွေပါ။ အတိုအထွာ လေးတွေကတော့ အများကြီးရှိတာ ပေါ့။ ဆုရရှိတဲ့စာအုပ်က အားလုံးပေါင်း ၅၀ ကျော် ရှိတယ်။
“မြန်မာပြည်အကြောင်း ရေးတဲ့ စာတမ်းတွေကတော့ အင်္ဂလန်၊ အမေ ရိကန်၊ စင်ကာပူ၊ တရုတ်၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံအစသဖြင့် အစုံပါပဲ။ အဲဒီလိုဟာတွေမှာ ဖတ်တဲ့ဟာကို ပြန်ဖြည့် လိုက်ပြီး တချို့ဟာတွေကလည်း ပုံနှိပ် တာနဲ့ မထွက်သေးဘဲ တချို့ဟာတွေ ကျပြန်တော့လည်း နိုင်ငံခြားမှာ ဆက်ကူး သေးတယ်လေ။ မြန်မာပြည်မှာ မထုတ်ဖူး သေးဘူး။
“လက်ရှိ မြန်မာလို ဆောင်းပါးတွေ ပေါင်းပြီး လုံးချင်းထုတ်ဖို့ ရှိပါတယ်။ ဆရာ လည်း အသက်ကြီးပြီဆိုတော့ ဘာမှ သိပ်မလုပ်နိုင်တော့ဘူးလေ။ ဦးနှောက် သွေးကြောပေါက်တာ နှစ်ကြိမ်ရှိပြီ။ ခုဆို ကောင်းကောင်း လမ်းမလျှောက် နိုင်ပါဘူး။ ပြန်ကောင်းတာလည်း အသင့် အတင့်ပဲ ရှိပါတယ်။ အပြင်တော့ သိပ်မထွက်တော့ပါဘူး။
“ဒီစာအုပ်က အပုဒ်ရေအများစုက အငြိမ်းစားယူပြီးမှ ရေးတာဖြစ်ပြီး အပုဒ် ရေ အတိုနဲ့အရှည် ၅၀ ပါဝင်ပါတယ်။ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ စာကြည့် တိုက်နဲ့ ပေ၊ ပုရပိုက်တွေအကြောင်း အစုံ ပါဝင်ပါတယ်။
“အငြိမ်းစားယူတာက ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ အသက် ၆၀ အရွယ်မှာ တက္ကသိုလ်များ စာကြည့်တိုက်ကနေ အငြိမ်းစားယူခဲ့ပြီး နောက်တစ်နှစ် လအစပိုင်းကစပြီးတော့ မြန်မာ့သမိုင်း ထဲမှာ အချိန်ပြည့်လုပ်ခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး အခြေအနေအရ အချိန်ပိုင်းပဲ ဖြစ်သွားတာပါ။
“၁၉၉၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အထိ ရေးခဲ့တယ်ဆိုပြီး အကြမ်းပြောလို့ တော့ ရပါတယ်။ ငယ်ငယ်ကတည်းက ရေးခဲ့တဲ့ အတိုအထွာလေးတွေပါတယ် ဆိုပေမယ့် အဓိကကတော့ အငြိမ်းစားယူ ပြီးမှ ရေးတဲ့အပုဒ်တွေက ပိုများပါတယ်။ စာအုပ်က အင်္ဂလိပ်လို ရေးတာများပြီး စာအုပ်စာတမ်းအနေနဲ့ဆိုရင် ဒါပထမဆုံး အနေနဲ့ရတာပါ၊ ဘာပဲဖြစ်ဖြစ်အမျိုးသား စာပေဆုကို တန်ဖိုးထားပါတယ်။ အရင် ကတော့ စာပေဗိမာန်ဆုပဲ ရှိတာပါ။ နောက်ပိုင်း တော်လှန်ရေးကောင်စီ ခေတ်မှာ အမျိုးသား စာပေဆုဆိုပြီး နာမည်ပြောင်းပြီး တစ်နှစ် တစ်ကြိမ် ဆုပေးခဲ့တာပါ။
“နှစ်ပေါင်းများစွာကြာခဲ့ပြီး တန်ဖိုး ထားတဲ့ ဆုဆိုတော့ ခုလိုချီးမြှင့်ခံရတာ ဆရာ့အနေနဲ့ ဝမ်းသာပါတယ်။ ရေးတာ ကတော့ တစ်ပုဒ်ချင်းစီ ရေးတာပဲလေ။ ပြန်စုတာကတော့ ရန်ကုန်တက္ကသိုလ် ရာပြည့်အတွက် ဆိုပြီးပေါ့။ ဆရာက ရန်ကုန်တက္ကသိုလ်ရာပြည့်မှာ ဆရာ့ ဘဝကပြောရမယ်ဆိုရင် တက္ကသိုလ် ကျောင်းသားဘဝကနေ စတွက်မယ်ဆိုရင် ပုဂံလမ်းမှာ နေတဲ့အထိ နှစ်ပေါင်း ၂၈ လောက် ကြာသွားတယ်။ တက္ကသိုလ် စာကြည့်တိုက်မှာလည်း နှစ်ပေါင်း ၄၀ လောက် ကြာခဲ့ပါတယ်။ အဲဒါတွေအားလုံး အမှတ်တရဖြစ်အောင် ရေးတာပါ။ ဆရာ ရေးတာကလည်း တက္ကသိုလ် ပရဝဏ် ထဲက စာပေ၊ စာကြည့်တိုက်နဲ့ နောက်ပိုင်း မှာ မြန်မာ့သမိုင်း၊ ထိုင်း၊ တရုတ်စသဖြင့် အပြည့်အစုံပါဝင်ပါတယ်” ဟု ပြောကြား သည်။
စာရေးဆရာကြီး စည်သူဒေါက်တာ သော်ကောင်း (ဦးသော်ကောင်း) သည် ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အဘ ပညာမင်းကြီးစည်သူဦးကောင်း၊ အမိ ဒေါ်သိန်းတို့မှ မွေးဖွားသည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ် ထူး (အင်္ဂလိပ်စာ)ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာ ရရှိသည်။ ၁၉၈၃ ခုနှစ်၌ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ် တင်မြှောက်သည်။ ၁၉၉၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ အနောက်ဆစ်ဒနီ တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ကို ချီးမြှင့်သည်။ ၂၀၀၅ ခုနှစ် တွင် ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆု ရွေးချယ်ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆုကို ပေးအပ်ချီးမြှင့်သည်။ ၂၀၀၈ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ တစ်သက် တာစာပေဆု၊ ၂၀၁၀ ပြည့်နှစ်တွင် အမျိုး သားစာပေ တစ်သက်တာဆု၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယအဆင့်)၊ ၂၀၁၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက် တာ စာပေဆု၊ ၂၀၁၅ ခုနှစ်တွင် သုတ စွယ်စုံ စာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ဆရာဝန်တင်ရွှေ တစ်သက် တာဆု၊ ၂၀၁၂ ခုနှစ်တွင် စည်သူ ဘွဲ့တို့ကို နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုကို Papers from My Shoulder Bag စာအုပ်ဖြင့် အင်္ဂလိပ် (သုတ) ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ စာကြည့်တိုက်များတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှစ၍ တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်၏ စာကြည့်တိုက်မှူး၊ ၁၉၉၇ ခုနှစ် ဒီဇင်ဘာတွင် အငြိမ်းစားယူသည်အထိ လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်စာကြည့် တိုက်နှင့် သုတပညာဌာနတို့တွင် အချိန်ပိုင်းပါမောက္ခအဖြစ် စာကြည့်တိုက် ပညာ ဆက်လက်သင်ကြား ပို့ချသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မြန်မာသမိုင်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့သည်။ အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ဥက္ကဋ္ဌဖြစ်လည်းကောင်း၊ ဆရာဝန် တင်ရွှေ၊ ထွန်းဖောင်ဒေးရှင်း၊ ပခုက္ကူ ဦးအုံးဖေ၊ သုတစွယ်စုံစာပေဆုများ စသည့် စာပေဆိုင်ရာ ဆုရွေးချယ်အဖွဲ့များ၌ လည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အဖြစ် လည်း ကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။
တင်စိုး၊ ဓာတ်ပုံ-အာကာစိုး