မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်ပြီး လှေငယ်ဖြင့်မျောပါလာသည့် လှေလုပ်သားများအား ကိုကိုးကျွန်းမြို့နယ် ကမ်းခြေအနီး၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

 

နေပြည်တော်     ဇွန်    ၁၂


ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော  တပ်ဖွဲ့ဝင်များသည် ဇွန် ၁၀ ရက်   ညနေပိုင်းတွင်   ကိုကိုးကျွန်း၏ မြောက်ဘက်ကမ်းခြေအနီး၌     လှေငယ်တစ်စင်း မျောပါလာသည်ကို  တွေ့ရှိရသဖြင့်   သွားရောက် စစ်ဆေးရာ အလျား ပေ ၂၀၊ အကျယ် သုံးပေ၊ အမြင့် တစ်ပေခန့်ရှိ သစ်သားလှေတစ်စင်းပေါ်၌ ဧရာဝတီ တိုင်းဒေသကြီး ပြင်စလူမြို့နယ် ကုန်းကြီးကျေးရွာနေ ဦးစိုးပိုင်(ဘ) ဦးမန်းထိတ်အပါအဝင် လှေလုပ်သား ခုနစ်ဦးအား   အဝတ်ထုပ်များနှင့်အတူ   တွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ပေးခဲ့သည်။

 


၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ   ဧပြီ ၂၀ ရက်တွင်   အလျား ၃၅ ပေ၊    အကျယ် ငါးပေခန့်ရှိ သစ်သားချွန်း    စက်လှေတစ်စင်းနှင့်အတူ ဧရာဝတီ တိုင်းဒေသကြီး  ပြင်စလူမှ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရန်ထွက်ခွာခဲ့ရာ ဇွန် ၄ ရက်တွင် ပါလီပါလဲ့ ကျွန်းအနီးသို့အရောက်၌     ရာသီဥတုဆိုးရွားပြီး    အဆိုပါစက်လှေမှာ     ရေဝင်နစ်မြုပ်သွားခဲ့သဖြင့် လှေငယ်တစ်စင်းနှင့်    မျောပါလာခဲ့ပြီး   ကိုကိုးကျွန်း အနီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


အဆိုပါ မျောပါလာသည့် လှေလုပ်သား ခုနစ်ဦး ကို လိုအပ်သည့်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကိုကိုးကျွန်းမြို့နယ်   ပြည်သူ့ဆေးရုံ၌  ကျန်းမာရေး စစ်ဆေးပေးခြင်းများ    ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

                                     

သတင်းစဉ်