
ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်သောပျားရည်ကို အမေရိကန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့လျက်ရှိရာ အရည်အသွေးပိုမိုကောင်းမွန်မှုနှင့် ထုတ်လုပ်မှု ပိုမိုတိုးမြှင့် မွေးမြူနိုင်ရန် စီးပွားဖြစ်တောင်သူများ၊ စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်သော တောင်သူများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူသူများအား မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူဖွံ့ဖြိုးရေး ဌာနခွဲတို့မှ မွေးမြူရေးအခြေခံသင်တန်းများနှင့် အဆင့်မြင့်သင်တန်းများ ပို့ချပေးလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၇၉ ခုနှစ်မှစ၍ ပျား မွေးမြူမှုကိုစတင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြည်ပ သို့ မြန်မာ့ပျားရည်များ စတင်တင်ပို့ခဲ့သည်။ ကမ္ဘာတွင် ပျားရည်အများဆုံးထုတ်လုပ်သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ တွင် မြန်မာ၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့မှ ပျား ရည်အများဆုံး ထုတ်လုပ်လျက်ရှိကာ ပြည်ပ ဈေးကွက်၌ မြန်မာ့ပန်းနှမ်းပျားရည်၊ နေကြာ ပျားရည်နှင့် ဆီးပျားရည်တို့ကို အထူးကြိုက် နှစ်သက်လျက်ရှိသည်။ အဆိုပါပျားရည်သုံးမျိုး တွင် မြန်မာ့နေကြာပျားရည်သည် ယနေ့တိုင် ရောင်းအားအကောင်းဆုံးဖြစ်ရာ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသော မြန်မာနိုင်ငံအနေ ဖြင့် ပျားရည်အရည်အသွေးမြှင့်၍ ဈေးကွက် ဝယ်လိုအားနှင့်အညီ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။
“ခေတ်မီပျားမွေးမြူရေးပညာကို ပိုမို လေ့လာခြင်းဟာ ပျားမွေးတောင်သူများရဲ့ ကျေးလက်စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဌာနခွဲအနေနဲ့ မွေးမြူရေး တောင်သူတွေ အဆင်ပြေမွေးမြူထုတ်လုပ်နိုင် ဖို့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်။ အခြေခံသင်တန်းနဲ့ပျားရောဂါကာကွယ်ကုသရေးသင်တန်း၊ ပျားဘုရင်မ မွေးမြူရေးသင် တန်း၊ ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ် ပညာပေးသင်တန်းနဲ့ ပျားမွေးမြူရေးပြည်သူ့ သင်တန်းများကို သင်ကြားပေးနေပါတယ်။ စိုက်ပျိုးမွေးမြူရေးတောင်သူများနဲ့ စီးပွားဖြစ် မွေးမြူရေးတောင်သူများအတွက် အကျိုးဖြစ် ထွန်းစေတာကြောင့် အရည်အသွေးမြှင့် ပိုမို ထုတ်လုပ်နိုင်အောင် သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်သိန်းက ပြောသည်။
မြန်မာ့ပျားရည်ကို စစ်ကိုင်းတိုင်ဒေသကြီး တွင် ကနီ၊ ဘုတလင်၊ ယင်းမာပင်၊ မန္တလေးတိုင်း ဒေသကြီး၌ ရမည်းသင်း၊ ပျော်ဘွယ်၊ မကွေး တိုင်းဒေသကြီး၌ မကွေးနှင့်နတ်မောက်တို့မှ ဆီးပျားရည်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ပန်းနှမ်းပျားရည်ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးတို့၌ ရော်ဘာပျားရည်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတွင် နေကြာပျားရည်ကို လည်းကောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ပဲခူးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့၌ ပန်းပေါင်းစုံပျားရည်များထွက်ရှိ ထုတ်လုပ်လျက် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ပျားရည်အများ ဆုံးထွက်ရှိကာ နိုင်ငံတစ်ဝန်းပျားရည်ထွက်ရှိမှု ၏ ၆၀ရာခိုင်းနှုန်းရှိကြောင်း ၂၀၁၀-၂၀၂၁ ခုနှစ် တွင် ပုဂ္ဂလိကပျားမွေးမြူသူ ၈၃၅ ဦး ရှိကြောင်း သိရသည်။
မြန်မာ့ပျားရည်ကို ဂျပန်၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့မှ အများ ဆုံးဝယ်ယူလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပျားရည်များကို EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည်။ ပြည်ပ ဈေးကွက်ရရှိထားသော မြန်မာ့ပျားရည်ကို အရည်အသွေးနှင့် တိုးမြှင့်မွေးမြူထုတ်လုပ်နိုင် ရန် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး မွေးမြူထုတ်လုပ်ရာ၌ ဒေသမျိုးပျားများအပြင် အရည်အသွေးကောင်းမွန်သော နိုင်ငံခြားမှ ပျားဘုရင်မများကိုတင်သွင်း၍ မွေးမြူနိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြိုးပမ်းဆောက်ရွက်နေကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ခေတ်မီပျား မွေးမြူရေးသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ဆင့်ပွားသင်ကြားပို့ချနိုင်ရန် ဌာန တွင်း ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး