
ရန်ကုန် အောက်တိုဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းစီစဉ်၍ ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း (မူလွန်)၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသား များနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသည်။
ယင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် ခြင်းနှင့် ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်း၊ ကာကွယ် ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ် နေထိုင်ရမည့် အစီအစဉ်များကိုလည်း ပြောကြား ဆောင်ရွက်ပေးသည်။
“ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ လုပ်ငန်း တွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးထားရင်တော့ အဆင်ပြေ မယ်။ ဒီနေ့ဆို ကာကွယ်ဆေးလာထိုးကြတဲ့ ရုပ်ရှင် လောကသားတွေနဲ့ မိသားစုဝင်တွေ တော်တော်များ များလာထိုးကြတာကို တွေ့ရပါတယ်။ ရှေ့မှာလည်း ရုပ်ရှင်လောကသား ၅၀ လောက် ကာကွယ်ဆေး ထိုးနှံပြီးပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာ နာယကအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ ကြီးကြပ်အလွှာ၊ အုပ်ချုပ်ဖြန့်ချိရေးအလွှာ၊ ထုတ်လုပ်သူ အလွှာတွေအပါအဝင် အလွှာပေါင်း ၁၀ လွှာရှိတယ်။ သူ့အလွှာနဲ့သူ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဆက်သွယ်လာကြတဲ့အတွက် လူဦးရေစာရင်းတွေ ပြုစုပြီး ကျန်းမာရေးဌာနကိုတင်ပြပြီး ထိုးနှံပေးတာ ဖြစ်ပါတယ်။ အချို့ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးက သူတွေလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံထားတယ်လို့ သိရတယ်။
“တော်တော်များများလည်း ကာကွယ်ဆေးထိုး ထားကြပါတယ်။ ကာကွယ်ဆေး မထိုးထားထက် စာရင် ဆေးထိုးနှံထားတာက ရိုက်ကွင်းတွေမှာ အားလုံးအဆင်ပြေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ထိုးနှံထားသင့်ပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များ ကာကွယ်ဆေးထိုးနှံနေမှုနှင့်စပ်လျဉ်း၍ ပြောကြား သည်။
ယနေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့်မိသားစုဝင် ၂၇၂ ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဆေးထိုးနှံမည့်သူများစာရင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းပေးထား သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် တာဝန်ရှိသူများထံတင်ပြပြီး ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ပထမအသုတ်မှာ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၀ ခန့်ရှိပါတယ်။ ဒီနေ့မှာ ကျွန်မတို့ အလွှာပေါင်းစုံက ရုပ်ရှင်လောကသားတွေ၊ မိသားစုဝင်တွေ စုပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ လာရောက် ကြတာဖြစ်ပါတယ်။ စုစုပေါင်း ၂၇၂ ဦး ရှိတယ်လို့ သိရပါတယ်။ မတူးက ဆေးထိုးအပ်မြင်ရင် အတော် ကြောက်တတ်တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က နာယကကြီးတွေက ငါတို့အားလုံးလည်း ကာကွယ်ဆေးထိုးနှံပြီးကြပြီ၊ ဘယ်လိုမှလည်းမခံ စားရပါဘူး၊ မတူးလည်း ဆေးထိုးထားသင့်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မတူးလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး မိမိရဲ့ကျန်းမာရေးကို ကာကွယ် ရာလည်းရောက်တယ်၊ အခြားသူတွေကိုလည်း ကာကွယ်ရာရောက်တဲ့အတွက် ရုပ်ရှင်လောကသား တွေနဲ့အတူ စုပေါင်းလာရောက်ဆေးထိုးနှံတာပါ။ ကာကွယ်ဆေး မထိုးရသေးတဲ့ ရုပ်ရှင်လောကသား ညီအစ်ကိုမောင်နှမတွေအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားဖို့ တိုက်တွန်းနှိုးဆော်ပါ တယ်”ဟု ရုပ်ရှင်သရုပ်ဆောင် မတူးက ပြောသည်။
ယနေ့ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံ ပြီးသူများကို နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်