
နေပြည်တော် ဇွန် ၁
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာ ပြည်သူများထံသို့ အာဆီယံနိုင်ငံ များမှ ပေးပို့သည့် အကူအညီ ပစ္စည်းများ သယ်ဆောင်လာသည့် မလေးရှား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ရောက်ရှိသည်။
ယနေ့ ရောက်ရှိလာသည့် လေယာဉ်သည် အာဆီယံနိုင်ငံများ မှ ပေးပို့သည့် စတုတ္ထအသုတ်ဖြစ် ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်း စာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHA Centre) တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ပြည်သူများ ထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်သည်။
စတုတ္ထအသုတ်အဖြစ် ယနေ့ ရောက်ရှိလာသည့် ထောက်ပံ့ ကူညီရေးပစ္စည်းများမှာ Shetter Tool Kit အခု ၄၅၀၊ Family Tent ဖာ ၂၀၊ Water Filteration System တစ်ဖာ၊ Water Filtera-tion System (Pump) နှစ်ဖာ၊ တာပေါ်လင်စ ၂၆၂ ခု ပါဝင်ပြီး စုစုပေါင်း ၁၁ ထုပ် ကုန်တန်ချိန် ၁၉ တန်ကျော်ရှိကာ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၇၂၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။
အာဆီယံနိုင်ငံများမှ မုန်တိုင်း ဒဏ်သင့်ပြည်သူများထံ ပေးအပ် လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိ စေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှု နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ဝန်ကြီးဌာနအသီးသီး နှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်