
နေပြည်တော် မေ ၂၆
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။
ယနေ့ တတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီ ပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHA Centre) တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုးနှင့် တာဝန် ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ် သွားမည်ဖြစ်သည်။ တတိယအသုတ်အဖြစ် ယနေ့ရောက်ရှိလာသည့် ထောက်ပံ့ကူညီရေးပစ္စည်းများမှာ AHA တံဆိပ်ပါ မိသားစု ငါးဦး အသုံးပြုနိုင်သည့် မီးဖိုချောင်သုံးပစ္စည်း ၅၂ ထုပ်၊ Shelter Tool kit အထုပ် ၂၁၀၊ တာပေါ်လင်စ အထုပ် ၂၈၀ ပါဝင်ပြီးစုစုပေါင်း ၅၄၂ထုပ် ကုန်တန်ချိန် ၁၆ တန်ခွဲခန့်ဖြစ်ကြောင်း သိရသည်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ် လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ် ရေးနှင့်အကူအညီများပံ့ပိုးရာတွင် လေဘေးသင့်ပြည်သူတစ်ဦးတစ်ယောက် မျှမကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက် လက်ရှိပြီး AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်