
ကိုပြည်
ဘင်္ဂါလီအရေးအပါအဝင် မြန်မာ့ပြည်တွင်းရေး ပြဿနာတချို့ကို အကြောင်းပြပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေက အထင်အမြင်လွဲမှားအောင်ပြောဆိုခဲ့တဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီ (Achmad Hafisz Thohir) ရဲ့ ပြောကြား ချက်တွေကို ASIATODAY.ID သတင်းဝက်ဘ်ဆိုက် တစ်ခုမှာ ဖတ်လိုက်ရပါတယ်။
တည့်တည့်ပြောရရင် သူ့ရဲ့တိုက်တွန်းချက်တွေ ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအစည်းအဝေးတွေ ကနေ အထီးကျန်ထားဖို့၊ လက်နက်ရောင်းချမှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့၊ လူမျိုးတုံးသတ်ဖြတ် မှု (Genocide) ကျူးလွန်သူတွေကို ပြည်ဝင်ဗီဇာ ပိတ်ပင်တာတွေလုပ်ဖို့ဆိုတဲ့ အချက်တွေကို တိုက်တွန်းထားတာတွေ့ရပါတယ်။ လက်ရှိ မြန်မာ အစိုးရအနေနဲ့ ဘင်္ဂါလီအရေးကို အာရုံစိုက်မှုမရှိဘူး လို့လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် အခုလိုလျစ်လျူရှုမှုဟာ ဘင်္ဂါလီလူမျိုးတွေရဲ့ ကံကြမ္မာကို ပိုဆိုးလာစေပြီး ဒီလိုဖြစ်ရတာဟာ မြန်မာအစိုးရတာဝန်ရှိသူတွေက ဘာတာဝန်ယူမှု မှမရှိသလို ဘင်္ဂါလီတွေရဲ့ အခြေခံလူ့အခွင့်အရေး တွေကိုလည်း ဆက်ပြီး လျစ်လျူရှုထားတယ်လို့ လည်း ဆိုပြန်ပါတယ်။ အဲဒီစကားတွေဟာ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး ဝေဖန်လေ့ရှိသူတချို့ ပြောနေ ကျစကားတွေဖြစ်လို့ ဆီသည်မ လက်သုတ်လို သိပ်တော့လည်း မထူးဆန်းဘူးလို့ ဆိုရမှာပါ။
အာမတ် ဟာဖစ် တိုဟီက ဘာကြောင့် ဒီလို ပြောတာလဲဆိုတာ စဉ်းစားကြည့်တော့ ဒီဇင်ဘာလ ပထမပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ကိုဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကိုရောက်လာတဲ့ ဘင်္ဂါလီတွေကို လက်မခံနိုင်တာကြောင့် ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဆန္ဒပြကြတဲ့အပေါ် နိုင်ငံရေး အမြတ်ထုတ်လိုတာကြောင့် ဖြစ်မယ်လို့ သုံးသပ် ရပါတယ်။
ဘယ်သူတွေက လူနည်းစုလဲ
အာမတ် ဟာဖစ် တိုဟီ ရဲ့ မူရင်းပြောဆိုချက်မှာ ရိုဟင်ဂျာလို့ ဖော်ပြထားပါတယ်။ ပထမဆုံးသိဖို့ လိုတာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိဘူးဆိုတာပါပဲ။ ဒီလိုဘာကြောင့် ပြောရသလဲ ဆိုရင် အင်မတန်မှ စည်းစနစ်ကြီးလှပါတယ်ဆိုတဲ့ နေမဝင်အင်ပါယာ ထူထောင်ခဲ့ကြတဲ့ နယ်ချဲ့ဗြိတိသျှ တွေကိုယ်တိုင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း မှာတောင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်မပါပါဘူး။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိဘူးဆိုတဲ့ မူဝါဒဟာ မြန်မာအစိုးရအဆက်ဆက် ကိုင်စွဲလာခဲ့ တာ ဖြစ်ပါတယ်။ အာမတ် ဟာဖစ် တိုဟီ အပါအဝင် မြန်မာနိုင်ငံအကြောင်း ခြေခြေမြစ်မြစ်မသိဘဲ မြန်မာအစိုးရကို ဝေဖန်လေ့ရှိတဲ့သူတွေ မကြာခဏ ပြောလေ့ရှိတဲ့ စကားက ဘင်္ဂါလီတွေကို လူနည်းစု လို့ ဆိုကြပါတယ်။ ဘူးသီးတောင်၊ မောင်တော သွားကြည့်ရင် ဘင်္ဂါလီက လူများစုဖြစ်နေတာ တွေ့ရ ပါလိမ့်မယ်။ ဒေသခံတွေကတောင် လူနည်းစုလို ဖြစ်နေပါတယ်။ သူပြောသလို လူမျိုးတုံးသတ်ဖြတ် မှုသာရှိရင် အဲဒီလောက် လူဦးရေများလာပါ့မလား ဆိုတာ လောဂျစ်နည်းကျကျ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သမိုင်းမသိ၊ မြေပြင်မကြည့်ဘဲ ပြောနေတော့ အခြေအနေမှန်တွေနဲ့ ကင်းကွာသွား တာ ဖြစ်ပါတယ်။
အမြတ်မထုတ်နဲ့
လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ နိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ဖြစ်ပါတယ်။ နိုင်ငံကို တရားစွဲတာဖြစ်လို့ ဘယ်အစိုးရတက်တက် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာအစိုးရက လည်း ဒီအမှုကို ဥပဒေကြောင်းအတိုင်း စနစ်တကျ ရင်ဆိုင်ဖြေရှင်းနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီ လူမျိုးတွေကိုလည်း စိစစ်လက်ခံဖို့ ကြိုဆိုရေးစခန်း တွေနဲ့ စနစ်တကျပြင်ဆင်ထားသလို တစ်ဖက်နိုင်ငံ နဲ့လည်း အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ် ခဲ့၊ ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည် များကို မြန်မာနိုင်ငံ၏ ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက် ခြင်းမရှိဘဲ နိုင်ငံတကာမှတစ်ဆင့် တောင်းဆို၍ လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်းမရှိပါ။ မိမိတို့ အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်းမရှိဟု ပြောကြားနေခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခဲ့သည့်အထောက် အထားပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည် ဖြစ်ကြောင်း”(၁၇-၈-၂၀၂၂)ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး ခဲ့စဉ်မှာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်နိုင်ငံရဲ့ ဒုက္ခသည်စခန်း ဆိုတဲ့အထဲမှာ အကြမ်းဖက်သမားတွေက စိမ့်ဝင်ပြီး မြန်မာနိုင်ငံဘက်ပြန်လိုကြတဲ့ ဘင်္ဂါလီတွေကို အမျိုးမျိုး ခြိမ်းခြောက်နှောင့်ယှက်နေကြတာ ကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာဖြစ်ပါ တယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်သွားရမယ့် ကိစ္စရပ်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသစွာ ဆက်လက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလို ဖိအားပေးသလိုလို၊ ခြိမ်းခြောက်သလိုလို ပြောတာတွေဟာ တကယ့်လက်တွေ့မှာ အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။
ဘင်္ဂါလီတွေဟာ နိုင်ငံသားမဟုတ်လို့၊ တိုင်းရင်း သားမဟုတ်လို့ ခွဲခြားဆက်ဆံမှုရှိသလားမေးရင် မရှိပါဘူးလို့ပဲ လိုတိုရှင်းဖြေရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဆိုတာ ဖန်တီးယူလို့ရတဲ့ အရာမျိုး လည်း မဟုတ်ပါဘူး။ နိုင်ငံသားဆိုတာကတော့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလည်း နိုင်ငံသားဖြစ်ဖို့ဆိုတာ လွယ်လွယ်နဲ့ ရတတ်တာမျိုးမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ဆိုတာရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား ဆိုပြီး ဖော်ပြထားတာရှိပါတယ်။ ဘင်္ဂါလီတွေထဲ ကလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေဟာ နိုင်ငံသားပြုခွင့်ရနိုင်တာ ဖြစ်ပါတယ်။ မကြာသေး ခင်ကပဲ ရခိုင်ပြည်နယ်မှာ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းတဲ့အတွက် အသေအပျောက်နည်းခဲ့ပေ မယ့် အပျက်အစီးကတော့များပါတယ်။ ဒီအတွက် လည်း မြန်မာအစိုးရက တိုင်းရင်းသားရယ်၊ ဘင်္ဂါလီ ရယ် ခွဲခြားမှုမရှိဘဲ တစ်ပြေးညီ ထောက်ပံ့ကူညီ ခဲ့တာဖြစ်ပါတယ်။ ထိခိုက်ခံရသူအားလုံးရဲ့ ပြန်လည် ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီးများ ကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတိုင်းမှာတော့ ပြဿနာတွေဟာ အနည်းနဲ့ အများသာကွာမယ်၊ ပုံစံအမျိုးမျိုးနဲ့တော့ ရှိနေကြ တာပါပဲ။ ဒါဟာ ပြည်တွင်းရေးကိစ္စတွေဖြစ်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ဖို့ မသင့် ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာတမ်းမှာရော၊ အာဆီယံရဲ့ပဋိညာဉ်မှာပါ တစ်နိုင်ငံ ရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက် ဖက်ရဘူးလို့ အတိအလင်းဖော်ပြထားတာ ဖြစ်ပါ တယ်။ ဒါမျိုးတွေ ဖြစ်လာနိုင်တာကြောင့် ပဋိညာဉ် ရေးဆွဲသူတွေက အမြော်အမြင်ရှိရှိ ထည့်သွင်းခဲ့ တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတိုင်းဟာ ပဋိပက္ခနွံထဲ ကနေ ထွက်လာခဲ့ကြတဲ့ နိုင်ငံတွေပါပဲ။ တစ်နိုင်ငံ ချင်းစီအလိုက် ကျင့်သုံးတဲ့စနစ်တွေကလည်း မတူ ကြပါဘူး။ ဒါကြောင့် မတူညီတဲ့စနစ်တွေရှိတဲ့နိုင်ငံတွေ၊ မတူညီတဲ့ပဋိပက္ခတွေရှိတဲ့ နိုင်ငံတွေကြားမှာ အာဆီယံဆိုတဲ့ အသိုက်အဝန်းအောက်ကနေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုရင် အာဆီယံပဋိညာဉ် ကို လေးစားလိုက်နာဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ လို မဟုတ်ဘဲ အာဆီယံပဋိညာဉ်ကို ချိုးဖောက်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အာဆီယံအနေနဲ့ ဘယ်လို အရေးယူပါဆိုပြီး တိုက်တွန်းတာမျိုးဟာ နောင်မှာ ကိုးကားစရာဖြစ်လာပြီး အာဆီယံအသင်းမှာ သွေးကွဲစရာတွေ ဖြစ်လာပါလိမ့်မယ်။
အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုဥက္ကဋ္ဌဖြစ်တဲ့ အာမတ် ဟာဖစ် တိုဟီ ဟာ ဒါတွေကို နားလည်ပြီး သား၊ အရည်ကျိုသောက်ထားပြီးသားသူ ဖြစ်ပါလိမ့် မယ်။ ဒါပေမယ့် အာဆီယံပဋိညာဉ်ကို မျက်ကွယ် ပြုပြီး ပြည်တွင်းနိုင်ငံရေးမှာ အာရုံစိုက်ခံလိုမှု၊ တစ်ကိုယ်ရေထင်ပေါ်လိုမှုနဲ့ မြန်မာကို ခေါင်းစဉ် လာတပ်လိုက်တာလို့ပဲ ကောက်ချက်ဆွဲရမှာ ဖြစ်ပါ တယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုရင်ပဲ အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ဘင်္ဂါလီကိစ္စနဲ့ အချိန်ကိုက်မဲဆွယ်စည်းရုံးပြီး အမြတ်ထုတ်လိုက် ခြင်းသာ ဖြစ်မယ်လို့ ယူဆပါတယ်။ မြန်မာ့နိုင်ငံရေး အပေါ် ဝင်ရောက်စွက်ဖက်ပြီး အမြတ်မထုတ်ဖို့ သတိပေးလိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Maluku ကျွန်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်လောက်အထိ မွတ်ဆလင်− ခရစ်ယာန်ဘာသာနှစ်ခုကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲဒီပဋိပက္ခကြောင့် ပြည်သူ တစ်ထောင်ဝန်းကျင် သေဆုံးခဲ့ပြီးတော့ တစ်သောင်း ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ဖူးတယ်ဆိုတာ အာမတ် ဟာဖစ် တိုဟီ တစ်ယောက် မမေ့လောက်သေးဘူး လို့ ထင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုပဋိပက္ခဖြစ်တဲ့အချိန်မှာ မွတ်ဆလင် ဘာသာဝင်အများစုနဲ့ ခရစ်ယာန်ဘာသာဝင် အနည်းစုရှိတဲ့ အသိုက်အဝန်းကြား ပဋိပက္ခ မဖြစ် အောင် မတားဆီးနိုင်ဘူးလား၊ အင်ဒိုနီးရှားတာဝန် ရှိသူတွေ ဒီအပေါ်အာရုံစိုက်မှုမရှိဘူး၊ အင်ဒိုနီးရှား အစိုးရက ဒီကိစ္စကို မျက်ကွယ်ပြုထားလား၊ အင်ဒို နီးရှားအစိုးရကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေပြီဆိုပြီးတော့ အာဆီယံနိုင်ငံ တစ်နိုင်ငံကဖြစ်စေ၊ ခရစ်ယာန်ဘာသာဝင်အများစု ရှိတဲ့နိုင်ငံကဖြစ်စေ တိုက်တွန်းခဲ့ရင် အာမတ် ဟာဖစ် တိုဟီ ဘယ်လိုတုံ့ပြန်မှာလဲ။ အဲဒီအချိန်က အာဆီယံနိုင်ငံထဲကရော၊ အခြားပြင်ပနိုင်ငံတွေကပါ အာမတ် ဟာဖစ် တိုဟီ ရဲ့ မြန်မာအစိုးရအပေါ် ပြောသလိုမျိုးပြောတာ မတွေ့ခဲ့ရပါဘူး။
မြန်မာအစိုးရအဆက်ဆက်ကတော့ ကိုယ်ပါဝင် တဲ့ အဖွဲ့အစည်းတိုင်းရဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် တစ်စုံတစ်ရာဝေဖန်တာမျိုး မရှိခဲ့ပါဘူး။ ယခုလည်း မရှိသလို နောင်လည်းရှိလာမှာ မဟုတ်ပါဘူး။ ဒီလို ပြောလို့ မြန်မာအစိုးရအနေနဲ့ အထိမခံ ရွှေပန်းကန် လို မဟုတ်ပါဘူး။ မဝေဖန်ရဘူး မဟုတ်ပါဘူး။ ပြဿနာတစ်ရပ်ကို ပိုပြီးကြီးထွားလာအောင် လှုံ့ဆော် ပေးတာမျိုးထက် အပြုသဘော ဝေဖန်ထောက်ပြ တာမျိုး ဖြစ်ဖို့လိုပါတယ်။ ပြဿနာတစ်ရပ် ပြေလည် ရေးကို ဦးတည်တဲ့ အပြုသဘော ဝေဖန်ထောက်ပြ တာမျိုးကို ကြိုဆိုပါတယ်။ ဒီလိုမဟုတ်ဘဲ ငယ်တဲ့ အမှုကြီးအောင်၊ ကြီးတဲ့အမှုရှင်းမရအောင် လှုံ့ဆော် တဲ့ ဝေဖန်မှုမျိုး၊ အာဆီယံပဋိညာဉ်ကိုကျော်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဝေဖန်မှုမျိုးကိုတော့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
အာမတ် ဟာဖစ် တိုဟီ အနေနဲ့ ဆန္ဒရှိရင် မြန်မာ နိုင်ငံကို လာလည်လို့ရပါတယ်။ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအတွက် ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာသိချင်ရင် မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလို့ရပါ တယ်။ အပြုသဘောအကြံပေးလို့ရပါတယ်။ အဲဒီလို မဟုတ်ဘဲ မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်း သလို ကိုယ်သိတာလေးနဲ့ ကိုယ်ထင်ရာ ပြောနေရင် တော့ ဖြစ်ရပ်မှန်နဲ့ ဝေးနေဦးမှာဖြစ်ပါတယ်။ အာမတ် ဟာဖစ် တိုဟီ ကို ပြောချင်တာက သမိုင်း ကိုသိ၊ မြေပြင်ကိုကြည့်ပြီးမှ ဝေဖန်ရေးလုပ်ပါဆိုတာ ပါပဲ။ ဒီလိုမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးအမြတ် ထုတ်လိုတာ တစ်ခုတည်းနဲ့ အာဆီယံရဲ့ ပဋိညာဉ် ကို ချိုးဖောက်တာမျိုးမဖြစ်ရလေအောင် သတိပြု သင့်ပါတယ်။ ဆိုလိုရင်းပြောရရင် မြန်မာ့နိုင်ငံ ရေးကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာလားလို့ ရွေးကောက်ပွဲအကြို စစ်တမ်းထုတ်ပြီး မေးလိုက် ချင်ပါတယ်။ ။
- Log in to post comments