
နေပြည်တော် မေ ၁
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဝင် ဆေးရုံများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများဥပဒေနှင့်အညီ စည်းကမ်း တကျ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ ပုဂ္ဂလိကဆေးရုံ ၂၉၅ ရုံကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားရှိပြီး အဆိုပါဆေးရုံများ အားလုံး မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း အသင်းဝင်များဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် နှိုးဆော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင် စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲ ဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိသဖြင့် အသင်းဝင်များ ကလည်း အလေးထားလိုက်နာ ဆောင်ရွက်စေလို ကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်တွင်း ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သောစက်ရုံများမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဦးစားပေး ဝယ်ယူသုံးစွဲစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အရေးကြီးမရှိမဖြစ်ဆေးဝါးများ စျေးကွက် အတွင်း စဉ်ဆက်မပြတ် လက်လှမ်းမီရရှိစေရေး၊ စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေ ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်
ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၏ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးဖြစ်သဖြင့် (၂၀၂၄-၂၀၂၆)ခုနှစ်အတွက် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အသစ်များ ရွေးချယ် တင်မြှောက်ခြင်းဖြစ်၍ အသင်းအတွက် အမှန် တကယ် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်မည့် သူများ ရွေးချယ်တင်မြှောက်နိုင်မည်ဟု ယုံကြည် ကြောင်း၊ ဥက္ကဋ္ဌအသစ်နှင့် အလုပ်အမှုဆောင်အသစ် များကိုလည်း ဝမ်းမြောက်စွာကြိုဆိုပြီး ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းနှင့် ပူးပေါင်းညှိနှိုင်းကာ လိုအပ်သည်များ ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းအနေဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် ပုဂ္ဂလိကဆေးရုံများ၏ အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ကာ ပြည်သူများ အတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ များအသင်းမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် နှစ်ပတ် လည် အစီရင်ခံစာများကို တင်သွင်းဖတ်ကြားကြပြီး (၂၀၂၄-၂၀၂၆)ခုနှစ် သက်တမ်းအတွက် ဥက္ကဋ္ဌ ဒေါက်တာအေးအေးစန်း ခေါင်းဆောင်သော အဖွဲ့ဝင် ၁၅ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်