မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃

 


မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံ အပေါင်း    အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ   ကျွမ်းကျင် လုပ်ငန်းအဖွဲ့အစည်းအဝေး (12th ADMM-Plus Experts’ Working Group on Counter-Terrorism Meeting EWG on CT Meeting) ကို ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော မြန်မာ့တပ်မတော်မှ    ဒုတိယတပ်မတော်လေ့ကျင့်ရေး   အရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်၊ ရုရှားတပ်မတော်မှ Major General Grigory TURIN တို့နှင့်အတူ အာဆီယံနိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသော   ဩစတြေးလျ၊  တရုတ်၊  အိန္ဒိယ၊  ဂျပန်၊  နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ  ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ကြသည်။

 


ရှင်းလင်းပြောကြား


အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့်  ရုရှားနိုင်ငံတို့က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စာတမ်းများ ဖတ်ကြားဆွေးနွေး သည်။ မြန်မာနိုင်ငံက “The Terrorist Attacks, Threatening National Security in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများမှာ တိုင်းရင်းသား  လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ်ဆေးဝါးပြဿနာများအပါအဝင်  လက်ရှိဖြစ်ပေါ်နေသော NUG နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့ သည့် မဲမသမာမှုများ၊ ဥပဒေမဲ့ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်မတော်မှ နိုင်ငံတော်တာဝန်  များကို   ခေတ္တထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့်  ရွေးကောက်ပွဲ မသမာမှုများကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့်  ကြိုးစားခဲ့သော်လည်း  NLD  အစိုးရအနေဖြင့် အကြိမ်ကြိမ်ပယ်ချခဲ့ပြီး  နောက်ဆုံးတွင် ၎င်းတို့၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်နှင့်   အစိုးရအသစ်  ဖွဲ့စည်းရန်  ကြိုးစားလာခြင်း ကြောင့်သာ နိုင်ငံတော်၏ အရေးပေါ်အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ ခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားသည်။

 


ထိန်းသိမ်းဆောင်ရွက်


ဆက်လက်ပြောကြားရာတွင်  ၂၀၂၁  ခုနှစ်  ဖေဖော်ဝါရီ  ၁  ရက်  နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများမှ အကြမ်း ဖက်မှုသို့ အဆင့်ဆင့်ကူးပြောင်းခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်မှုများသို့ ကူးပြောင်းလာချိန်မှသာ အနည်းဆုံး အင်အားအနိမ့်ဆုံးအဆင့်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ CRPH ၊  NUG  ၊  PDF  အမည်ခံအကြမ်းဖက်အဖွဲ့များ   ပေါ်ပေါက်လာခဲ့ပြီး  ယင်းအကြမ်းဖက် အဖွဲ့အစည်းများက စစ်ဘက်ပစ်မှတ်မဟုတ်သည့်  အရပ်ဘက်ပစ်မှတ်များကို   အကြမ်းဖက်    တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်း ဖက်သမားများက “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆဖြင့် အပြစ်မဲ့ ပြည်သူ များအား   ဒလန်အဖြစ်  စွပ်စွဲပြီး   အုပ်ချုပ်ရေးမှူးများနှင့်  NLD  ကို မထောက်ခံသည့် သာမန်ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် မှုများ ပြုလုပ်ခဲ့ကြောင်း၊ အထူးသဖြင့် CDM မလုပ်ဘဲ နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာဖြင့် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းများကိုပါ  လုပ်ကြံသတ်ဖြတ်မှုများ   ပြုလုပ်ခဲ့ကြောင်း၊   လတ်တလောဖြစ်ပေါ် နေသော အကြမ်းဖက်လုပ်ရပ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဖြစ်ပွားနေခြင်းမဟုတ်ဘဲ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက  အကြောက်တရားဖြင့်   ထိန်းချုပ်ဆောင်ရွက်နေသည့်   နေရာတချို့ တွင်သာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းအကြမ်းဖက်လုပ်ရပ်များကို  ကျူးလွန်ခဲ့ကြသည့် NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အစွန်းရောက် NLD ပါတီထောက်ခံသူများ၏ ပါဝင်ပတ်သက်မှုများကို အထောက်အထားများဖြင့် ရှင်းလင်းပြောကြားသည်။ 

 


ဆက်လက်၍  NUG ၊ PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာမှ မသိရှိစေရန်နှင့် လိုရာဆွဲ  ပုံဖော်နိုင်ရန်   အစိုးရဆန့်ကျင်သည့်  မီဒီယာများမှ   တစ်ဖက်သတ် လုပ်ကြံသတင်းများ  ရေးသားခြင်း၊  မြန်မာနိုင်ငံအပေါ်တွင်  နိုင်ငံရေး ရည်မှန်းချက်ရှိသည့် အုပ်စုများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သည့် ဖြစ်စဉ်များအပေါ်တွင် မဟုတ်မမှန်ဇာတ်လမ်းများကို လုပ်ကြံ ဖန်တီးတည်ဆောက်လျက်ရှိခြင်း၊    မီဒီယာနည်းပညာနှင့်    ငွေကြေး အကူအညီရယူပြီး ထိုသို့မဟုတ်မမှန် အကြောင်းအရာများကို ကြိမ်ဖန် များစွာ ထုတ်ပြန်ရေးသားခြင်းများကြောင့် Political Narrative များ ဖြစ်လာပြီး  အမှန်တရားအလွန်  နိုင်ငံရေး  Post-truth Politics  ၏ လက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေကြကြောင်း။ 


 ဥပဒေများအတိုင်း ဆောင်ရွက်


ကမ္ဘာပေါ်တွင်  အကြမ်းဖက်ဝါဒအား   အဓိပ္ပာယ်ဖွင့်ဆိုရာတွင်  နိုင်ငံအားလုံး သဘောတူညီထားသည့် စံသတ်မှတ်ချက်မရှိသော်လည်း NUG ၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များမှာ ကမ္ဘာ့နိုင်ငံကြီးများ၏ အကြမ်းဖက်ဝါဒ စံသတ်မှတ်ချက်များနှင့် ထပ်တူ ကျနေကြောင်း၊ ထို့ကြောင့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအနေ ဖြင့်  မိမိနိုင်ငံ၏  အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး INTERPOL အပါအဝင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများထံသို့လည်း  အကြောင်းကြားထားပြီးဖြစ်ကြောင်း၊     ကမ္ဘာ့နိုင်ငံ  တချို့အနေဖြင့် ထိုအကြမ်းဖက်အဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေ ခြင်းသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုရာရောက်နေ ကြောင်း၊ CRPH ၊ NUG ၊ PDF တို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို မျက်ဝါးထင်ထင်သိရှိနေလျက်ဖြင့် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်း များအဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေသော ဒီမိုကရေစီနိုင်ငံကြီးအချို့၏ စဉ်းစားမှုကို နားမလည်နိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေ ဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေး ရလိုမှုကို  အခြေခံသည့်  အကြမ်းဖက်ဝါဒ  မပြန့်ပွားစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်   လိုအပ်ကြောင်းစသည်ဖြင့်    ဆွေးနွေး ပြောကြားသည်။ 

 


အပြန်အလှန်ဆွေးနွေး


ရုရှားနိုင်ငံက “Threats to the national security of the Russian  Federation emanating from the activities of international  terrorist organizations” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသမှ    အကြမ်းဖက်ဝါဒနှင့်     အကြမ်းဖက်အဖွဲ့ အစည်းများအကြောင်းကို  ဆွေးနွေးပြောကြားသည်။ ဆက်လက်၍  “Evaluation of National Security Threats” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင် နိုင်ငံအသီးသီးက  ၎င်းတို့နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များကို    ရှင်းလင်းဆွေးနွေးသည်။   ထို့နောက်   အစည်းအဝေး တက်ရောက်လာသည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများက  စာတမ်းများအပေါ် ၎င်းတို့၏ အမြင်များကို အပြန်အလှန်ဆွေးနွေးမှုများ  ပြုလုပ်ကြသည်။   

 


အစည်းအဝေးသို့ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် ဝင်းနှင့်     ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)  မှ   အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ASEAN Defence Ministers’ Meeting-Plus (ADMM-Plus) လုပ်ငန်းစဉ်အောက်တွင် အာဆီယံအပေါင်း    အကြမ်းဖက်မှု   တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ (ADMM-Plus EWG on CT) ၏ ပူးတွဲဥက္ကဋ္ဌ များအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။                                      

 သတင်းစဉ်