
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -
မေး ။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)
ကနေ ပြောကြားခဲ့တဲ့ ၂၀၂၀ ရွေးကောက် ပွဲရဲ့ မသမာမှုနဲ့ပတ်သက်ပြီး သေချာအောင် ရှင်းရှင်းလင်းလင်း သိပါရစေ။ ပြီးတော့ အဲဒါနဲ့ ပတ်သက်တဲ့ သက်သေတွေကို ပြောပြပေးပါ။ ဂျပန်အပါအဝင် နိုင်ငံတကာလေ့လာသုံးသပ်သူတွေ ကတော့ ဒီရွေးကောက်ပွဲက မျှတစွာကျင်းပခဲ့တယ် လို့ ပြောပါတယ်။ အဲဒါကို ဘယ်လိုမျိုးများ ပြန်လည် ငြင်းချက်ထုတ်ချင်ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိလား၊ မရှိ
ဘူးလားဆိုတာကို ရွေးကောက်ပွဲ တစ်ရက်တည်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ ကို ဦးစွာအသိပေးလိုပါတယ်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ ၃ ခုလုံးရဲ့ အခြေအနေတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို သိစေလိုပါတယ်။ ဒါတွေပြောရမှာဖြစ်လို့ ရှင်းပြတာ နည်းနည်းတော့ရှည်ပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားခဲ့ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနိုင်ဖို့ အခြေခံဥပဒေကို တပ်မတော်အစိုးရက ဦးဆောင်ပြီး လူထုလူတန်းစား ကိုယ်စားလှယ် ၇၀၀ ကျော်နဲ့ ဆွေးနွေးရေးဆွဲခဲ့ ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ USDP က နိုင်တယ်။ USDP အစိုးရ လက်ထက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ နိုင်ငံတကာ က သိပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ NLD ပါတီ က တောင်းဆိုခဲ့တာ၊ အခြားနိုင်ငံရေးပါတီတွေက တောင်းဆိုခဲ့တာတွေကို ထည့်သွင်းစဉ်းစားပြီး NLD ပါတီ ရွေးကောက်ပွဲဝင်နိုင်ရေး ရွေးကောက်ပွဲဥပဒေ ကို ကျွန်တော်တို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အများစုနိုင် ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပါတယ်။ လွှတ်တော်ကော်မတီတစ်ခုမှာ ဥက္ကဋ္ဌအဖြစ်နေရာပေးခဲ့တယ်။ ဒါသမိုင်းကြောင်းပဲ။ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်က NLD ပါတီကို နေရာမပေးဘူးဆိုရင် ဒီလိုလုပ်ငန်းတွေ ဘယ်လိုလုပ် လုပ်မှာလဲ။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လုပ် တယ်။ NLD နိုင်တယ်။ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အဖွဲ့တွေက NLD ပါတီကို အာဏာလွှဲမပေးမှာ စိတ်ပူကြတယ်။ အာဏာလွှဲပြောင်းရေးအစီအစဉ် ဘယ်လောက်အထိချောမွေ့ခဲ့သလဲဆိုတာ မျက်မြင် ပါပဲ။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော်အနေနဲ့ NLD အစိုးရရဲ့ အုပ်ချုပ်မှုမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ထောက်ပြပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကလွဲလို့ အစိုးရရဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော် နဲ့ ပတ်သက်ပြီး NLD ပါတီ အစွန်းရောက်တွေရဲ့ ဝေဖန်မှုတွေ၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကို ဖျက်လိုက်တာတွေ၊ လွှတ်တော်မှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတဲ့ မှတ်တမ်း တွေ ပြန်ကြည့်ရင်သိနိုင်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ချက်တွေ လုပ်ခဲ့ ပါတယ်။ လုပ်ခဲ့တာမှာ ရွေးကောက်ပွဲမစခင်ကတည်း က လုပ်ခဲ့တာပါ။ ဥပမာ ရွေးကောက်ပွဲ မဲလက်မှတ် တွေမှာ မဲပေးတဲ့အမှတ်အသား မထင်အောင် ဖယောင်းသုတ်ထားတယ် ဆိုတာမျိုးက စလို့ပေါ့။ ဒါက ဥပမာအနေနဲ့ ပြောပြတာပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမဲလက်မှတ် တွေ ရိုက်နှိပ်တာကစပြီး UEC က နိုင်ငံရေးပါတီအားလုံးကိုဖိတ်ခေါ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် အားလုံးကို ခေါ်ပြခဲ့တယ်။ အစစ်ခံခဲ့တယ်။ ရွေးကောက်ပွဲကာလ၊ အပြီးကာလတွေမှာလည်း နိုင်ငံရေးပါတီ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖြေရှင်းပေးခဲ့ပါတယ်။ မဖြေရှင်းနိုင်တာ ဘာမှမရှိခဲ့ပါဘူး။
ခု ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ နိုင်ငံ ရေးပါတီတွေက မဲလက်မှတ်တွေ ဘယ်မှာရိုက်တယ်၊ ဘယ်လောက်ရိုက်တယ်၊ စစ်ဖို့တောင်းခဲ့တယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြည့်ဖို့ တောင်းခဲ့ပါ တယ်။ ခွင့်မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီ ကတည်းက NLD ပါတီကလွဲလို့ အခြားနိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြပြီး ကန့်သတ်မှုတွေ အမျိုးမျိုးလုပ်ခဲ့ပါတယ်။ NLD ပါတီအနေနဲ့ကတော့ လူစု၊ လူဝေးနဲ့ လှည့်လည်စည်းရုံးခွင့်တွေကို လွတ်လွတ်လပ်လပ် ပြုလုပ်ခဲ့ပါတယ်။ အစိုးရပိုင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ အခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ဆင်ဆာဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အချို့နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံး စကားတောင်မပြောဘဲ သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၉၀ မှာ ရွေးကောက်ပွဲအတွက် NLD ပါတီရဲ့ လုပ်ရပ် တွေကို ဆန္ဒပြမှုပေါင်း ၂၀၀ လောက်ရှိခဲ့ပါတယ်။ မီဒီယာပိုင်းမှာလည်း တစ်ဖက်သတ်နှိပ်ကွပ်ထား လို့ ဒါတွေကို မီဒီယာတွေနဲ့ နိုင်ငံတကာက မသိခဲ့ ပါဘူး။
ရွေးကောက်ပွဲမတိုင်မီကာလမှာ ဖြစ်ပေါ်နေတဲ့ ဥပဒေနဲ့မညီညွတ်မှု၊ တရားမျှတခြင်းကင်းမဲ့မှု၊ ချို့ယွင်းအားနည်းချက်တွေကို တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေ သည့်အခြေအနေများနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်” ကို တရားဝင် ထုတ်ပြန်သတိပေး၊ အသိပေးခဲ့ပါတယ်။
အဲဒီအထဲမှာ ဥပဒေနဲ့ မညီညွတ်တာတွေအနေ နဲ့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များမှာ “ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီ ဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသော် လည်း ကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် များ စသည်များကို သက်ဆိုင်ရာ ဥပဒေများနှင့် အညီ သော်လည်းကောင်း ထုတ်ပြန်ခြင်း” လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ထုံး လုပ်နည်းတွေ၊ အမိန့်ကြေညာစာတွေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာ တည်ဆဲဥပဒေ များအပေါ် အခြေခံပြီး လုပ်ဆောင်ရမှာဖြစ် ပါတယ်။
အဲဒီရွေးကောက်ပွဲ အကြိုကာလအတွင်းမှာ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲ၊ မီဒီယာများသို့ ပြောကြား ချက်၊ သတင်းဖော်ပြချက်တွေမှာ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်တာတွေ၊ ချိုးဖောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် သက်သေအမြောက်အမြားရှိပါတယ်။ NLD ပါတီဝင် တွေ၊ စည်းရုံးရေးမှူးတွေ ကိုယ်တိုင် ကြိုတင်ဆန္ဒမဲ ကောက်တာတွေ၊ လမ်းလယ်ကောင်မှာ မဲပေးတာ တွေ တစ်ပုံကြီးပါ။ “နိုင်ငံသားကတ်၊ မှတ်ပုံတင် မရှိဘဲ မဲပေးခွင့်ပြုခဲ့တာ” တစ်ပုံကြီးပါ။
ရွေးကောက်ပွဲအတွက် အထောက်အကူပြု အဖွဲ့ဆိုပြီး သူတို့ဖွဲ့ခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ NLD ပါတီ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး ချုပ်တွေက ပေးထားတဲ့ NLD ပါတီဝင်တွေကို ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုမျိုး လုပ်ခဲ့ တဲ့၊ သူတို့တရားဝင်ထုတ်ခဲ့တဲ့ ညွှန်ကြားချက် စာရွက်စာတမ်းတွေကိုလည်း ကျွန်တော်တို့က သံတမန်တွေရဲ့ရှေ့မှာ၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ရှေ့မှာ ကျွန်တော်တို့အနေနဲ့ မူရင်းအတိုင်းပြသပြီး ဖြစ်ပါတယ်။
တရားမျှတမှုကင်းတယ် ဆိုတာကတော့ ကျွန်တော်ခုနက ပြောခဲ့ပြီးပါပြီ။ တန်းတူညီမျှ မဲဆွယ်ခွင့်မရတာပဲ ဖြစ်ပါတယ်။
ချို့ယွင်းအားနည်းချက် ဆိုတာကတော့ အထွေထွေပါပဲ။ မဲစာရင်းကို ၃ ကြိမ်ခန့် ထုတ်ပြန် ခဲ့တယ်လို့သိရပါတယ်။ သို့သော်နောက်ဆုံးထုတ်ပြန် တဲ့ မဲဆန္ဒရှင်စာရင်းကို ဝင်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေတောင် မရခဲ့ပါဘူး။ လက်တွေ့မှာ ရွေးကောက်ပွဲပြင်ဆင်ဖို့အတွက် ၄ နှစ်ကျော် ၅ နှစ်နီးပါး အချိန်ရခဲ့တာတောင်
ကြိုတင်ဆန္ဒမဲလက်မှတ်ထည့်တဲ့ စာအိတ်တွေ ပေါက်နေတာကအစ ကြုံရပါတယ်။ ခင်ဗျားတို့ ဂျပန်မှာ ကြိုတင်မဲပေးတဲ့ မြန်မာတွေကိုယ်တိုင် ကြုံခဲ့လို့ စာအိတ်ကြီးကို ကိုင်ပြီး LIVE တောင် လွှင့်ပြခဲ့ပါသေးတယ်။
ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်အမတ် လောင်းတွေက သူတို့ရွေးကောက်ပွဲဝင်ခဲ့တဲ့ မြို့တွေ ရဲ့ မဲမသမာမှုတွေကို စာရင်းဇယား၊ သက်သေ အထောက်အထားတွေနဲ့ တပ်မတော်ကို တင်ပြလာ ပါတယ်။ အဲဒီကတည်းကတိုင် မြို့နယ်တစ်ခုတည်း မှာပဲ မဲစာရင်းထပ်နေတာတွေ၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲပေးတာတွေ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းနဲ့ ၃ ကြိမ်အထိ မဲစာရင်းထဲပါနေတာ တွေ တွေ့ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တပ်မတော်က မဲစာရင်းအမှန်များ ကူးယူခွင့် တောင်းခံခဲ့ပါတယ်။ တပ်မတော်သား တွေလည်း ပြည်သူနဲ့အတူ မဲပေးခဲ့ပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင် များ၊ လွှတ်တော်အမတ်လောင်းများက မဲစာရင်း တောင်းရင် မိတ္တူကူးခ ၂၅ ကျပ်သွင်းပြီး မည်သူမဆို ကူးယူခွင့်ရှိရမှာဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့မညီဘူး ဆိုပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ UEC က တုံ့ပြန်ခဲ့ ပါတယ်။ တပ်မတော်အနေနဲ့ ဥပဒေအကြောင်းခြင်း ရာအရ ပြန်လည်ဖြေရှင်းမှုကို ဒီဇင်ဘာလ ၁၀ ရက် နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မသိကျိုးကျွန်ပြုခဲ့ပါတယ်။ သူတို့မှန်ရင် ဒီမဲစာရင်းပေးရမှာပေါ့။ ရိုးရိုးလေး စဉ်းစားကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီကြားထဲမှာ တပ်မတော်အနေနဲ့ လွှတ်တော်အမတ်လောင်း အချို့ဆီက နောက်ဆုံးရရှိတဲ့ မဲစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တွေ့ရှိတဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် ၂၃-၁၂-၂၀၂၀ ရက်နေ့ကတည်းက နေ့စဉ်၊ အပတ်စဉ် ထုတ်ပြန် ခဲ့ပါတယ်။ UEC အနေနဲ့ ထပ်ပြီးမသိကျိုးကျွန်ပြု ခဲ့တယ်။ ၁၁-၁-၂၀၂၁ ရက်နေ့မှာတော့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဒီမဲစာရင်းတွေရှင်းလင်းဖို့ ပြည်ထောင်စုလွှတ်တော် နာယကကို လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ စုစည်းတောင်းဆို တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ၈၃ နဲ့ ၈၄ အရ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၄ ပုံ ၁ ပုံက တောင်းဆိုရင် လွှတ်တော် အရေးပေါ်အစည်း အဝေး ခေါ်ပေးရမှာဖြစ်ပါတယ်။ ဒါကိုလည်း မသိချင်ယောင် ဆက်ဆောင်ခဲ့ပါတယ်။
၂၀-၁-၂၀၂၁ ရက်နေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ရှိချက်၊ တပ်မတော်ရဲ့ သဘော ထားကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ့အချိန် ထိ မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ကို စစ်ရာမှာ မြို့နယ်တစ်ခုချင်းအလိုက် မဲမသမာမှုဖြစ်နိုင်တဲ့၊ ထပ်နေတဲ့ မဲစာရင်း ၂ သန်း ၉ သိန်းကျော်၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်း ၄ သန်း ၆ သိန်း၊ စုစုပေါင်း ၇ သန်း ၆ သိန်းကျော်ရှိကြောင်း၊ နောက် မြို့နယ်တစ်ခုချင်းအလိုက် အပြန်အလှန် (Cross Check) စစ်ရာမှာလည်း မဲမသမာမှုဖြစ်နိုင်တဲ့၊ အပြန်အလှန်ပါနေတဲ့မဲစာရင်း ၂ သိန်း ၅ သောင်း တွေ့ရကြောင်း၊ ဆက်ပြီး စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၀၀ နဲ့အထက် မဲစာရင်းမှာ ပါနေသူ ၁ သောင်း ၈ ထောင်၊ အသက် ၁၈ နှစ်မပြည့် ဘဲ ပါနေသူ ၁ သောင်း ၁ ထောင်၊ နိုင်ငံသား စိစစ်ရေးကတ်မရှိတဲ့ မဲစာရင်းပါသူ ၄ သန်း ၆ သိန်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တူနေသူ ၂ သန်း ၉ သိန်း၊ သေဆုံးပြီးသူ ၆၁၃ ဦးပါနေတယ်ဆိုတာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ဖြေရှင်း ပေးဖို့ UEC ကို တောင်းဆိုခဲ့ပါတယ်။ လွှတ်တော် ကို တောင်းဆိုခဲ့ပါတယ်။ လျစ်လျူရှုခံရတယ်။ ခု “ဒီရွေးကောက်ပွဲဟာ တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေးပါတီများအနေနဲ့ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း ထုတ်ဖော်ပြနိုင်မယ်ဆိုရင် ပြည်သူ့ ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်စေမှာဖြစ်လို့ လက်ခံ မယ်လို့ တရားဝင်ပြောခဲ့ပါတယ်။” ဒါကြောင့် ရွေးကောက်ပွဲကော်မရှင် သို့မဟုတ် လွှတ်တော် သို့မဟုတ် အစိုးရက ဖြေရှင်းပေးပါလို့ တောင်းဆိုခဲ့ ပါတယ်။ ဒါဟာ ခု နိုင်ငံတကာကပြောနေတဲ့ စေ့စပ် ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို ကျွန်တော်တို့ တရားဝင် ထုတ်ပြန်ခဲ့တယ်။ ပုန်းလျှိုးကွယ်လျှိုးလုပ်တာ မဟုတ်ဘူး။ ဒီလမ်းကြောင်းကို ပစ်ပယ်ခဲ့တာ NLD အစိုးရပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နိုင်ငံတကာသတင်း မီဒီယာ ပြည်တွင်း၊ ပြည်ပအားလုံးကို ဖိတ်ပြီး မဲမသမာမှုတွေ့ရှိချက်တွေကို စာရင်းဇယား၊ စာအုပ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာတွေနဲ့ ပြသခဲ့တယ်။ မဲမသမာမှုအရေအတွက် ၁၀ သန်း ၄ သိန်းရှိခဲ့တယ်။ စိတ်ကြိုက်စစ်ဆေး ကြည့်ရှုခွင့်ပြုခဲ့တယ်။ ကမ္ဘာသိ ထုတ်ပြန်ခဲ့တယ်။ ၃၀-၁-၂၀၂၁ ရက်နေ့မှာ ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ သွားတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံထဲက အချို့သံရုံးတွေအနေနဲ့ ဒီမဲမသမာမှုကို မသိချင် ယောင်ဆောင်နေပြီး ဝေဖန်လာလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆက်သွားမယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း-၁၂ အရေးပေါ် ဆိုင်ရာပြဋ္ဌာန်းချက်အရ၊ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ အာဏာထိန်းခဲ့ပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းခဲ့တဲ့ UEC နဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ ပါတယ်။ စာရင်းဇယားတင်မဟုတ်ဘဲ မြေပြင်မှာပါ စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ သက်သေအမြောက် အမြားရယူခဲ့ပါတယ်။ မဲမသမာမှု ၁၁ သန်း ကျော် ရှိပါတယ်။ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၂၇-၈-၂၀၂၁ ရက်နေ့မှာ သက်သေအထောက်အထား မြောက်မြားစွာနဲ့ နိုင်ငံတကာသံရုံး ကိုယ်စားလှယ် တွေ၊ မီဒီယာတွေရှေ့မှာ ပြသခဲ့ပါတယ်။ စိတ်ကြိုက် ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ မဲမသမာမှုဖြစ်နေတဲ့ မဲလက်မှတ်တွေကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။ မဲမသမာမှုတွေ၊ မှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုတာကို ယခင် UEC အဖွဲ့ဝင်ဟောင်းတွေရဲ့ ဝန်ခံချက်တွေ ကိုလည်း ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဝန်ခံခဲ့ ပါတယ်။ NLD အစိုးရရဲ့ ရွေးကောက်ပွဲအပေါ် ဝင်ရောက်စွက်ဖက်မှုတွေကိုလည်း မူရင်းအတိုင်း ခိုင်လုံစွာပြသခဲ့ပါတယ်။ ဩဂုတ်လကုန်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးက ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့ တွေ့ပြီး သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့က ဘာကိုထပ်ပြီး သက်သေပြရမှာလဲ။ ရွေးကောက်ပွဲ မတိုင်မီမှာ အသိပေး၊ သတိပေးခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးကာလမှာ တွေ့ဆုံညှိနှိုင်း အဖြေ ရှာဖို့ နည်းမျိုးစုံနဲ့ပြောခဲ့တယ်။ တွေ့ရှိချက်တွေကို လည်း နိုင်ငံတကာကို ပြသခဲ့၊ ပြောခဲ့တယ်။ ခေါင်းဆောင်များအကြား ကိုယ်စားလှယ်များနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီမှာ ကျွန်တော်ပြောလိုတာ ၂ ခုပဲရှိတယ်။ (တစ်) ကျွန်တော်တို့ ပြောနေတာတွေ က အရင်ကတည်းက မမှန်ဘူးဆိုရင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်းက ဘာလို့မသိချင်ယောင် ဆောင်နေတာလဲ၊ မဖြေရှင်းတာလဲ။ (နှစ်) ဒီလို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြနေ တာကို ဘာကြောင့် မသိချင်ယောင်ဆောင်တာလဲ။ ထပ်ကြည့်ချင်သေးရင် လာခဲ့ပါ။ လက်ရှိ UEC အနေ နဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြသဖို့ အသင့်ရှိတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး
ဘာများလုပ်ဆောင်ဖို့ရှိပါသလဲ။ သူလွတ် မြောက်ရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေနဲ့ ဖြစ်နိုင်ခြေတွေကတော့ ဘာတွေပါလဲ။ ဒါ့အပြင် NLD အမှုဆောင်အဖွဲ့ဝင်တွေကိုကော ဘယ်လိုများ ဆက်လက်လုပ်ဆောင်သွားမှာပါလဲ။ အကယ်၍ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး မယ်ဆိုရင် လက်ရှိတာဝန်ရှိသူတွေအနေနဲ့ကလည်း အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ လက်ခံမှာပါလား။
ဖြေ ။ ။ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်
ပါမယ်။ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ အတွက် တရားရုံးရဲ့ အဆုံးအဖြတ်ပါပဲ။ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျန်သူများအတွက်လည်း ဒီလိုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်ဟာ လွတ်လပ် တဲ့ တရားစီရင်ရေးစနစ်ဖြစ်ပါတယ်။ နောက်တစ်ခု အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီး ချုပ်ဟာလည်း ယခင် NLD လက်ထက်ကတည်း က တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီးချုပ်ဖြစ် ပါတယ်။
မေး ။ ။ တပ်မတော်အနေနဲ့ နောက်ထပ်ပြုလုပ်
မယ့် ရွေးကောက်ပွဲအတွက် ဘယ်လို လုပ်ဆောင်သွားမှာပါလဲ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကကော ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံမှာပါလား။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLD က ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲရလဒ် ကို SAC အနေနဲ့ လက်ခံသွားဖို့ ရှိပါသလား။ နောက်ရွေးကောက်ပွဲမှာ အနိုင်ရမယ့်ပါတီကို အာဏာမလွှဲပြောင်းခင် လုပ်ဆောင်မယ့် လုပ်ငန်း စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စီမံဆောင်
ရွက်မှာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်မှာဖြစ်ပါတယ်။ အခု အချိန်မှာ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံရေး ပါတီများအား စည်းကမ်းစနစ်တကျရှိစေရေး၊ လုပ်ငန်းဆောင်တာများ၊ ရန်ပုံငွေများ၊ ပါတီဝင် အရေအတွက်စစ်ဆေးခြင်းတွေကို ဆောင်ရွက် လျက်ရှိပါတယ်။ ဒီနေရာမှာ အလေးအနက်ထား ပြောကြားလိုတာက တပ်မတော်ဟာ ပြည်သူ့ဆန္ဒနဲ့ အညီ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်လမ်းခင်းပေး ခဲ့ပါတယ်။ အခုအချိန်မှာ အခြေခံဥပဒေနဲ့အညီ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ကို ဖော်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အစိုးရ၊ တပ်မတော်အနေနဲ့ ခိုင်ခိုင်မာမာအာမခံ ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာ နောက်ဆုံးအချက်က “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” လို့ ဖော်ပြထားပြီး ဖြစ်ပါ တယ်။ ဘယ်နိုင်ငံရေးပါတီအနိုင်ရရ ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဏာမလွှဲပြောင်း ခင် လုပ်ဆောင်မယ့် အဆင့်တွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များ ပုဒ်မ-၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၀ အတိုင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံ ရေးအရ အရေးပေါ်အခြေအနေ ကြေညာထား သော်လည်း ယာယီသမ္မတအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှိပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရှိပါ တယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်အရ ၁ နှစ်အတွင်းမှာ သူ့ကိုပေးအပ်ထားတဲ့ တာဝန်များမပြီးဆုံးသေးရင် အဲဒီကောင်စီကိုတင်ပြလာပါက အရေးပေါ်ကာလ ကို တစ်ကြိမ်လျှင် ၆ လနဲ့ နှစ်ကြိမ်တိုးရမှာ ဖြစ်ပါ တယ်။ ပြီးရင် ပုဒ်မ-၄၂၆ အရ အရေးပေါ်ကာလ မှာ ဆောင်ရွက်ရမယ့် လုပ်ငန်းများပြီးစီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအစီရင်ခံရင် အရေးပေါ်ကာလဖျက်သိမ်းကြောင်း ကြေညာပြီး နောက် ၆ လအတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)