
နေပြည်တော် ဇန်နဝါရီ ၇
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံ သို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေး အတွက် မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်း အခမ်း အနားကို ယနေ့ မွန်းလွဲ ၂ နာရီ ခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ သီရိလင်္ကာ နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Dr. Bandula Gunawardhana နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းတို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နှင့် သီရိလင်္ကာဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံတို့ အကြား နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင် ရေးအတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာ ထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့် ရောင်းချသွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် ချုပ်ဆို ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးအမြတ်ရှိနိုင်သည့် ခရီး သွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆောင်ရွက်နိုင် ရန်အတွက်လည်း ဖိတ်ခေါ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ အကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြဲကြိုဆို လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးက မြန်မာ နှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်မှစတင်၍ သံတမန် ဆက်ဆံမှု စတင်ခဲ့ပါကြောင်း၊ မိမိ တို့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး အတွက် အဓိက အစားအစာဖြစ် သော ဆန်ကို ယခုလို G to G အစီ အစဉ်ဖြင့် ရောင်းချပေးသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ရှေ့ဆက်၍ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ - သီရိ လင်္ကာ ဆန်တင်ပို့ ရောင်းချမှု ဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ် အား မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ် မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ တွဲဖက် အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ သဘောတူ စာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် သီရိ လင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ နှစ်စဉ် ဆန်ဖြူတန်ချိန် ၁၀၀၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၅၀၀၀၀ တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွား မည်ဖြစ်သည်။
လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အဆင့်မြင့်အရာထမ်းများ၊ မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သီရိ လင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်