မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး အစီအမံများအပေါ်  လိုက်နာရန်ပျက်ကွက်ခဲ့သည့်  အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

 

 

၁။    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုအား   ကာကွယ်နိုင်ရန်အတွက်  ပြည်ပ/ ပြည်တွင်း လိုက်နာရမည့် လုပ်ငန်းစဉ်များအား အပြည့်အဝ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေ သည့်  အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲ   ကူးစက်ပျံ့နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ဂိတ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားများအတွက် အသွားလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက် ထားသည့် လုပ်ငန်းစဉ်” ကြေညာချက်ကို ယင်းနေ့၌ပင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ယင်းအတိုင်း လိုက်နာရန် အသိပေးပြီးဖြစ်သည်။ 
၂။    ၂-၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက် ခဲ့သည့် အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦး သည် ဆရာစံဟိုတယ်၌ Quarantine နေထိုင်စဉ် ဓာတ်ခွဲခန်းစစ်ဆေး ချက်အရ ၄-၁-၂၀၂၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါသည်။ ထို့အပြင် ၃-၁-၂၀၂၂  ရက်နေ့တွင်    မြန်မာနိုင်ငံသို့   လေကြောင်းမှ
ဝင်ရောက်ခဲ့သည့် အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးသည် Pan Pacific Hotel ၌ Quarantine နေထိုင်နေစဉ် ၆-၁-၂၀၂၂ ရက်နေ့၊ ဓာတ်ခွဲခန်း စစ်ဆေးချက်အရ   ကိုဗစ်-၁၉ ရောဂါပိုး   ထပ်မံတွေ့ရှိခဲ့သည်။ ကိုဗစ် ရောဂါပိုးတွေ့ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား သည့် စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့် ဆေးရုံများ (အစိုးရနှင့်   ပုဂ္ဂလိကဆေးရုံများ) သို့    တက်ရောက်ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးနှင့် အပေါင်း အပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်သို့လာရောက်၍ ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသား နှစ်ဦးအား ၎င်းတို့၏အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ 
၃။    ယခုအခါ   အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲများ   ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းရောဂါပိုး      မြန်မာနိုင်ငံသို့    ဝင်ရောက်လာခြင်းမရှိစေရန်နှင့် မြန်မာနိုင်ငံအတွင်း    ကူးစက်ပြန့်ပွားမှုကို   ထိန်းချုပ်နိုင်ရန်အတွက် WHO ၏   စံညွှန်းများနှင့်အညီ  ကိုဗစ်-၁၉  ကာကွယ်၊  ထိန်းချုပ် ကုသရေးဆိုင်ရာ   လမ်းညွှန်ချက်များချမှတ်၍   ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသည့်ကာလဖြစ်သည်။ ၎င်းပြင် သံတမန်ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁ တွင် “အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ ရရှိသူအားလုံးသည် မိမိတို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို မထိခိုက်စေဘဲ၊ လက်ခံသည့်နိုင်ငံ၏ တရား ဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန်တာဝန်ရှိကြသည်။ ထို့ပြင်   ၎င်းတို့သည်   ထိုနိုင်ငံ၏    ပြည်တွင်းရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။” ဟု ဖော်ပြထား ပါသည်။ 
၄။    အထက်ဖော်ပြပါဖြစ်စဉ်၌      အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် သံရုံးဝန်ထမ်း၏ ဥပဒေနှင့်ဆန့်ကျင်သည့် ပြုမူဆောင်ရွက်မှုသည် သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေသည်။ ထို့ပြင် ယင်းလုပ်ရပ်သည် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများ နှင့် လမ်းညွှန်ချက်များ၊   သံတမန်ဆက်ဆံရေးဆိုင်ရာ   ဗီယင်နာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်းဖြစ်သဖြင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး    စည်းကမ်းချက်များအား   တိတိကျကျ လိုက်နာရန် ထပ်မံအသိပေးအပ်ပါသည်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဗီဇမျိုးကွဲများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန