
ရန်ကုန် မေ ၃၀
နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ရေထွက်ကုန် တင်ပို့မှုတွင် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့ တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀၀ မှ ၁၀၀၀ ကျော်အထိ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေထွက်ကုန် တင်သွင်းမှုလျော့နည်းခဲ့ခြင်းသည် ရာမန်ဒါဥပုသ် ကာလ ဖြစ်ခြင်းကြောင့်ဖြစ်ပြီး မေလပထမပတ်မှစ၍ ရန်ကုန်ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငါးမြစ်ချင်းမွေးမြူသူများထံမှ ရေလမ်း၊ ကုန်းလမ်း ပုံမှန်ကုန်စည်စီးဆင်းမှုဖြင့် နယ်စပ်ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်ခဲ့ သည်။ လက်ရှိရင်ဆိုင်နေရသော စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာ ခြင်း၊ ရောင်းချသောကုန်စည် ဈေးနှုန်းတိုးမြှင့်ရရှိမှု မရှိခြင်း၊ မွေးမြူရေးအစာစရိတ် မြင့်မားခြင်းတို့ကို ရင်ဆိုင်နေရသော်လည်း တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိနေသော ရေထွက်ကုန်ကို စဉ်ဆက် မပြတ်တင်ပို့နိုင်မှုဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန် ငါးမွေးမြူရေးသမားများ ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ရေထွက်ကုန် တိုက်ရိုက်တင်ပို့နိုင်သော နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေ နှင့် မောင်တောမြို့တို့သို့ ရန်ကုန်မြို့မှ ငါးမြစ်ချင်းပိဿာ ချိန် ၁၀၀၀ ခန့် နေ့စဉ်တင်ပို့လျက်ရှိပြီး ကျန် တိုင်းဒေသကြီးနှစ်ခုမှလည်း ရေလမ်းနှင့် ကုန်လမ်း တို့မှ တင်ပို့လျက်ရှိကြောင်း သိရသည်။
“တစ်ပိုင်တစ်နိုင်မွေးမြူသူတွေက စစ်တွေနဲ့ မောင်တောကို ကားနဲ့တင်လာပြီး စက်လှေပေါ်မှာ အခြားကုန်တွေနဲ့ ပေါင်းတင်ပြီးတော့မှ တစ်ဖက်နိုင်ငံ ကိုပို့တယ်။ ရန်ကုန်က လုပ်ငန်းကြီးမွေးမြူသူတွေက ငါးသယ်စက်လှေနဲ့တင်ပြီး စစ်တွေမှာ အစစ်အဆေး ခံပြီးတော့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဆိပ်ကမ်း ကို တိုက်ရိုက်သွားတယ်။ အပြန်ရေလယ်မှာ ငါးရက် စောင့်ဆိုင်း ကျန်းမာရေးစစ်ဆေးမှု အောင်မြင်ရင် ရန်ကုန်ကို ပြန်ခွင့်ပြုတယ်။ ဆီဈေးတက်လာပေမယ့် ကုန်ချိန်ဘယ်လောက်ပို့မယ်ဆိုတဲ့ စာချုပ်ကြောင့် ဖြစ်မယ်။ ကုန်သည်ကတော့ ငါးမြစ်ချင်းကို ဆက်တိုက်ပို့နေကြတယ်။ ပုံမှန်ကုန်စည်စီးဆင်း နေပါတယ်။ ငါးမွေးမြူသူတွေအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်ဟာ အရေးပါပါတယ်။ ကန်တွင် ဖမ်းဆီးရ မယ့်အချိန်မှာ ဖမ်းဆီးပြီး ချက်ချင်းတင်ပို့ခြင်းဟာ မွေးမြူသူနဲ့ စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ ဒီလရေထွက်ကုန်တန်ချိန် ၈၀၀ ကနေ ၁၀၀၀ ကျော် အထိ ကုန်စည်စီးဆင်းနေပါတယ်”ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦး က ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ ရွှေမင်းဂံဂိတ်နှင့် မောင်တောမြို့ ကညင်ချောင်းဂိတ်တို့၌ ပြည်ပပို့ကုန် ရေထွက်ကုန်နှင့် ကုန်ခြောက်များကို ပူးပေါင်းအဖွဲ့က စစ်ဆေးပြီး နိုင်ငံတော်သို့ နှစ်ရာခိုင်နှုန်း အခွန်ဆောင် ၍ လည်းကောင်း၊ ရေထွက်ကုန် စင်းလုံးပြတ် တင်ပို့သော စက်လှေများကို နှစ်ရာခိုင်နှုန်း၊ လှေ အတွက် ၅ ဒေါ်လာနှင့် မှတ်ပုံတင်ကြေးဒေါ်လာ ၅၀ ကို မြန်မာငွေဖြင့် အခွန်သွင်း၍ ရေထွက်ကုန်များ တင်ပို့ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းကိုအဓိကတင်ပို့လျက် ရှိပြီး ကုန်ခြောက်အဖြစ် ကြက်သွန်၊ မန်ကျည်းသီး၊ ချင်း၊ ဆီးသီးခြောက်နှင့် အခြားကုန်ခြောက် အချို့ကို တင်ပို့လျက်ရှိကာ သွင်းကုန်အဖြစ် ပလေကပ်ပုဆိုး၊ ပလတ်စတစ်ဂါလီပုံး၊ ညှပ်ဖိနပ်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းအချို့ ဝင်ရောက်မှုဖြင့် သွင်းကုန်ထက် ပို့ကုန်များသော နိုင်ငံခြားဝင်ငွေ ရရှိနေသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။
ပြီးခဲ့သော မီနီဘတ်ဂျက်ခြောက်လတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တန်ချိန် စုစုပေါင်း ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ရာ အမေရိကန် ဒေါ်လာ ၁၁ သန်းကျော်ရရှိခဲ့ပြီး ယခင်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်း၊ ၅ ဒသမ ၃ သန်း ခန့်ရရှိခဲ့၍ ရေထွက်ကုန်တိုးမြင့်တင်ပို့နိုင်မှုဖြင့် ယခင်ထက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိခဲ့သည်။ ဧပြီလတွင် ကုန်စည် စီးဆင်းမှုအေးစက်ခဲ့သော ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် မေလတွင် ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ဓာတ်ပုံ - ကနူး