
သန်းအောင်ကျော်
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ညှိနှိုင်းဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သတင်းစာတွင် အလျဉ်းသင့်သလို ရေးသားဖော်ပြမှုများရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြမှုများ ရှိခဲ့ပါသည်။ ယခုအခါ အဆိုပါ သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ RCEP စာချုပ်နှင့်စပ်လျဉ်း၍ အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ပါသည်။
ယနေ့ နိုင်ငံတကာ စီးပွားရေးလောကတွင် လူပြော များနေသည့် RCEP ဆိုသည်မှာ ဘာကိုပြောနေကြ တာပါလဲ။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက် (၆) နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင် စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခုဖြစ်ပါသည်။
RCEP ကို ၂၀၁၂ ခုနှစ်မှ စတင်၍ ၁၆ နိုင်ငံမှ ကိုယ်စား လှယ်များက ဆွေးနွေးညှိနှိုင်းခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ လတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi က စေ့စပ်ညှိနှိုင်းဆဲ စာချုပ်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချို့ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက်အပေါ် ကျန် ၁၅ နိုင်ငံ၏ လိုက်လျောမှုမရရှိသဖြင့် RCEP စေ့စပ် ညှိနှိုင်းမှုတွင် အိန္ဒိယနိုင်ငံမပါဝင်တော့ကြောင်း ကြေညာခဲ့ ပါသည်။ သို့ပါ၍ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံ ၅ နိုင်ငံတို့က ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ဆွေးနွေး ခဲ့ကြပြီးနောက် ယခုအခါ RCEP သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။
RCEP တွင် လက်ရှိပါဝင်သည့် နိုင်ငံ ၁၅ နိုင်ငံသည် လူဦးရေအားဖြင့် ၂.၂ ဘီလီယံ ရှိသဖြင့် ကမ္ဘာ့လူဦးရေ၏ ၃၀% ကို ကိုယ်စားပြုပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၆.၂ ထရီလီယံ ရှိသဖြင့်လည်း ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုး၏ ၃၀% ခန့်ရှိပါသည်။ ထို့အပြင် RCEP နိုင်ငံများ ၏ ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ ၏ ၂၈ % ခန့် ပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံးလွတ်လပ် သော ကုန်သွယ်ရေးစာချုပ်တစ်ခုအဖြစ် တင်စားခေါ်ဆို ကြပါသည်။
RCEP သဘောတူစာချုပ်ကို စေ့စပ်ညှိနှိုင်းခဲ့ရာတွင် ဈေးကွက်ဖွင့်လှစ်ရေးအပိုင်းနှင့် သဘောတူစာချုပ်တွင် ထည့်သွင်းမည့်စာသားများကို ဆွေးနွေးညှိနှိုင်းသည့် အပိုင်းဟူ၍ (၂) ပိုင်း ခွဲပြီး ၂၀၁၂ ခုနှစ်မှ စတင်၍ညှိနှိုင်းခဲ့ရာ (၈) နှစ်ခန့် ကြာမြင့်ခဲ့ပါသည်။ အဆိုပါကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအဆင့် အစည်းအဝေး (၄) ကြိမ်၊ ဝန်ကြီးများ၏ ပုံမှန်နှင့် ကြားဖြတ်အစည်းအဝေး(၁၉)ကြိမ်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ ဆွေးနွေးမှု များကို လူကိုယ်တိုင် ပါဝင်တက်ရောက်သည့် အစည်း အဝေးများအပြင် Video Conference စနစ်ဖြင့်လည်း အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပါသည်။
RCEP တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရမည်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မည်သို့ အကျိုးရှိနိုင်မည်လဲ။
RCEP သဘောတူစာချုပ်၏ နိဒါန်းမှာပင် စာချုပ်ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု အဆင့်အမျိုးမျိုး ရှိနေမှုကို ထည့်သွင်းစဉ်းစားလျက် အထူးသဖြင့် ကမ္ဘော ဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် အထူးအခွင့် အရေးများပေးရန်နှင့် ဗီယက်နမ်နိုင်ငံအတွက်လည်း သင့်လျော်သည့် အတိုင်းအတာတစ်ခုအထိ အခွင့်အရေး ပေးရန် သဘောတူခဲ့ကြပါသည်။ ထို့အပြင် ကုလသမဂ္ဂ၏ သတ်မှတ်ပြဋ္ဌာန်းချက်အရ ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်းဝင် နိုင်ငံများအတွက် စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် လိုအပ်ချက် များရှိလာပါက ထပ်ဆောင်းဖြေလျှော့ပေးမှုများပေးရန် ကိုလည်း သဘောတူခဲ့ကြပါသည်။ ဥပမာအားဖြင့် သဘောတူစာချုပ်ပါ အကောက်ခွန်လျှော့ချခြင်း/ ဖယ်ရှား ခြင်းအစီအစဉ်တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံတို့သည် အခြားသော စာချုပ်ဝင်နိုင်ငံများ ထက်ပို၍ အထူးအခွင့်အရေးများကိုထည့်သွင်းထားပါ သည်။ RCEP အဖွဲ့ဝင်နိုင်ငံများသည် စာချုပ်အာဏာ သက်ဝင်သည့် အချိန်တွင် ကုန်စည်လိုင်းအားလုံး၏ ၆၅% ကို အကောက် ခွန် ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘော ဒီးယားနှင့်လာအိုနိုင်ငံတို့သည် ၃၀%သာ ကင်းလွတ် ခွင့်ပေးရမည် ဖြစ်ပါသည်။ ထို့အပြင် စာချုပ်အာဏာ သက်ဝင်ပြီး ၁၀ နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း၏ ၈၀% ကို အခွန် ကင်းလွတ်ခွင့် ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံက ၁၅ နှစ်အကြာ တွင်မှ အခွန်ကင်းလွတ် ခွင့်ပြုရမည် ဖြစ်ပါသည်။
ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးစာချုပ်ဝင်နိုင်ငံများ အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များပိုမိုချဲ့ထွင်နိုင်ရန်အတွက် ဒေသတွင်းနှင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးကွင်းဆက်တို့တွင် ချိတ်ဆက် ပါဝင်စေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဤ သဘောတူစာချုပ်အောက်ရှိ ကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် အကျိုး အမြတ်ရရှိနိုင်စေရန်အတွက် လိုအပ်ချက်များ ရှိပါက လည်း အဆိုပါလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်း သဘောတူထားခဲ့ကြပါသည်။
အနာဂတ်တွင် ပြောင်းလဲတိုးတက်လာမည့် အခြေ အနေများကို မျှော်မှန်း၍ သဘောတူစာချုပ်တွင် ထည့်သွင်းထားသည့် အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေးအခန်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခန်း နှင့် ယှဉ်ပြိုင်မှုအခန်းတို့တွင်ပါရှိသော ကတိကဝတ်များ ကို အကောင်အထည်ဖော်ရာတွင်လည်း မြန်မာနိုင်ငံ အတွက် အသွင်ကူးပြောင်းရေးကာလကို ကဏ္ဍ အလိုက် အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိ လည်း ကောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးအခန်းတွင် အသွင် ကူးပြောင်းရေးကာလကို ၁၅ နှစ်အထိ လည်းကောင်း အချိန်ယူ ညှိနှိုင်းထားရှိပါသည်။ အစိုးရဝယ်ယူရေး အခန်းအတွက်လည်း မြန်မာနိုင်ငံအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို ကင်းလွတ်ခွင့်ရရှိပြီး အဖွဲ့ဝင်နိုင်ငံ များအကြား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပူးပေါင်း ဆောင်ရွက်မှုကိုသာ လိုအပ်မည်ဖြစ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် ခေတ်မီ၍ အဆင့်မြင့်သော RCEP တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခြင်းဖြင့် မိမိနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် လိုအပ်သော ဥပဒေ၊ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ အဆင့် အတန်းမီ ပြုပြင်ပြောင်းလဲ၍ လိုက်ပါဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးတို့မှ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် များကိုပါ နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်မည့် အခွင့် အလမ်းများ ရရှိစေမည် ဖြစ်ပါသည်။
ထို့အပြင် စာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်များအတွက် ကြီးမား ကျယ်ပြန့်သည့်ဈေးကွက်ကို ရရှိစေမည်ဖြစ်ပါသည်။ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ နိုင်ငံတို့ကဲ့သို့ နည်းပညာနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် သော အာရှနိုင်ငံအများစု ပါဝင်သည့်အတွက်လည်း သဘောတူစာချုပ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်မည့် အခွင့်အလမ်းများ ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
RCEP သည် မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် လက်ရှိ ပါဝင်ဆောင်ရွက်နေသည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ် (Free Trade Agreements – FTAs) များနှင့် မည်သို့ကွာခြားပါသလဲ။ RCEP ကို ပိုမိုခေတ်မီပြီး ကဏ္ဍစုံပါဝင်သည့် ကုန်သွယ်မှုစာချုပ်ဟု ဘာ့ကြောင့် ခေါ်ဆိုပါသလဲ။
RCEP သဘောတူစာချုပ်သည် လက်ရှိအကောင် အထည်ဖော်လျက်ရှိတဲ့ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများအကြား အပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (+1 FTAs) များဖြစ်သည့် အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဂျပန်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန်နှင့် အာဆီယံ-ဟောင်ကောင်တို့ထက် ပိုမိုပြည့်စုံ၊ အရည် အသွေးမြင့်မားပြီး အဖွဲ့ဝင်များအကြား အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ခုဟု ဆိုနိုင်ပါသည်။
သဘောတူစာချုပ်တွင်ပါဝင်သည့် အခန်းများကို လေ့လာကြည့်လျှင် ယခင်ကရှိခဲ့သည့် အာဆီယံ၏ ကုန်သွယ်ရေးသဘောတူစာချုပ်များတွင် မပါဝင်ခဲ့သည့် နယ်ပယ်များဖြစ်သည့် အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေးအခန်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များအခန်း၊ အစိုးရဝယ်ယူရေးအခန်းနှင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခန်း စသည့်အခန်းများကိုပါ ထည့်သွင်းထား ပါသည်။ အဆိုပါအခန်းများသည် အနာဂတ် ကမ္ဘာ့ လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ ထူထောင်သည့် စာချုပ်များအတွက် မဖြစ်မနေအရေးပါလာမည့် နယ်ပယ် များ ဖြစ်ပါသည်။ ဥပမာအားဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်းကို ထည့်သွင်းခြင်းဖြင့် နိုင်ငံတိုင်း၏ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်နိုင် ခြင်းဖြင့် နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်မှုကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်း ချက်များ ပါဝင်မှုကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ဆန်းသစ် တီထွင်မှုများကို အားပေးမှု၊ ကာကွယ်မြှင့်တင်မှုပြုနိုင်မည့် အပြင် မိရိုးဖလာအစဉ်အလာယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
RCEP က COVID အလွန် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပြန်လည် ဦးမော့လာ စေရန် မည်သို့အထောက်အကူပြုနိုင်မလဲ။
ယနေ့အချိန်အခါတွင် COVID – 19 ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းစီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာကျဆင်း လျက်ရှိပါသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံ အချို့အကြား ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒများ ကျင့်သုံးမှုကြောင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဦးဆောင်သည့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှု စနစ်အတွက် စိန်ခေါ်မှုများရှိနေသည့် အချိန်လည်းဖြစ်ပါ သည်။ အဆိုပါ အခြေအနေများတွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးမားသော အဖွဲ့ဝင်နိုင်ငံများပါဝင်သည့် RCEP သဘောတူစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခြင်းက စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ်မှု စနစ်ကို ပြန်လည်ရှင်သန် အသက်ဝင်စေမည်ဖြစ်သည့် အတွက် ဒေသတစ်ခုလုံး အတွက်သာမက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်စေနိုင်မည့် အခွင့်အလမ်း တစ်ရပ်အဖြစ် ရှုမြင်ကြပါသည်။ ထို့အပြင် စာချုပ်တွင်ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက် COVID – 19 အလွန် ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့ လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များ အတွက် ပိုမိုကျယ်ပြန့်သည့် ဈေးကွက်ကို ရရှိစေမည် ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အခွင့်အလမ်းကောင်းများကို ရရှိစေမည် ဖြစ်ပါသည်။
အထူးသဖြင့် COVID – 19 အလွန်ကာလတွင် နည်းပညာကိုအခြေခံသည့် ဒစ်ဂျစ်တယ် စီးပွားရေးသို့ အသွင်ကူးပြောင်းရာတွင် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို ဤစာချုပ်ပါ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအခန်းပါ သဘောတူညီချက် များနှင့်အညီ ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေ ဖြင့်လည်း RCEP စာချုပ်အဖွဲ့ဝင် ၁၅ နိုင်ငံအကြား စီးပွားရေးအရ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခွင့် အရေးများကို ရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ကမ္ဘာ့ ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်း များ ပိုမိုရရှိမည်ဖြစ်ပါသည်။
RCEP တွင် အိန္ဒိယနိုင်ငံက လတ်တလော မပါဝင်နိုင် ရတာ ဘာကြောင့်ပါလဲ။
အိန္ဒိယနိုင်ငံအနေဖြင့် စာချုပ်တွင် လတ်တလော ပါဝင်နိုင်ခြင်းမရှိသည့် အခြေအနေအား လေ့လာသုံးသပ် ရာတွင် အိန္ဒိယနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံနှင့် ကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်ကို လည်းကောင်း၊ ကျန် RCEP အဖွဲ့ဝင်နိုင်ငံများအနက် ဂျပန်၊ ကိုရီးယားတို့နှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ စာချုပ်တို့ကို လည်း ကောင်း ချုပ်ဆိုထားပြီးဖြစ်သော်လည်း တရုတ်၊ ဩစတြေးလျ၊ နယူးဇီလန်တို့နှင့် နှစ်နိုင်ငံ FTA ချုပ်ဆိုထား ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ RCEP စာချုပ်တွင် ပါဝင်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံ အပြင် တရုတ်နိုင်ငံအပါအဝင် ကျန် ၅ နိုင်ငံတို့နှင့်ပါ လွတ်လပ်သောကုန်သွယ်မှု ဒေသစည်းမျဉ်းများအရ ဈေးကွက်ဖွင့်လှစ်ပေးရမည် ဖြစ်ပါသည်။ အဆိုပါ အခြေ အနေအရ အိန္ဒိယနိုင်ငံသည် ယခင် FTA မရှိခဲ့ဖူးသော နိုင်ငံများမှ ပို့ကုန်များအား ဈေးကွက်ဖွင့်ပေးရာတွင် ၎င်း၏ပြည်တွင်းအခြေအနေလိုအပ်ချက်အရ အသင့် မဖြစ်သေးသဖြင့် လတ်တလောတွင် RCEP တွင် ပါဝင် နိုင်မှုမရှိခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။
အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ ၎င်း၏ ပြည်တွင်းအခြေအနေ လိုအပ်ချက်များရှိနေမှု ကြောင့် RCEP စေ့စပ်ညှိနှိုင်းမှုတွင် မပါဝင်တော့သော် လည်း စတင်ညှိနှိုင်းခဲ့သည့် ၂၀၁၂ ခုနှစ်ကပင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ခြင်း၊ မဟာဗျူဟာအရလည်း အရေးပါခြင်း၊ လက်ရှိအခြေအနေအရ စာချုပ်တွင် ပါဝင်နိုင်ခြင်းမရှိ သည့်အပေါ် ကျန်အဖွဲ့ဝင်နိုင်ငံ အားလုံးက နားလည်မှုပေးနိုင်ခြင်းတို့ကြောင့် စာချုပ်လက်မှတ်ရေးထိုးပြီး သည့်တိုင် အိန္ဒိယနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက် လာနိုင်ရေးအတွက် ဆက်လက်လမ်းဖွင့်ပေးထားမည် ဖြစ်ပါသည်။
RCEP လွတ်လပ်သောကုန်သွယ်မှုဒေသမှာ ပါဝင်မှုကြောင့် မြန်မာ့ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်မလား။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ ဝင်ရောက်ခဲ့ပြီး အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ၌ ပါဝင်လျက် ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် အာဆီယံ−တရုတ် ကုန်စည်ကုန်သွယ်ရေးသဘောတူ စာချုပ် (ACTIGA 1)၊ ၂၀၀၆ ခုနှစ်တွင် အာဆီယံ−ကိုရီးယား ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (AKTIGA 2)၊ ၂၀၀၈ ခုနှစ်တွင် အာဆီယံ−ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(AJCEP 3)၊ ၂၀၀၉ ခုနှစ်တွင် အာဆီယံ−အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်(AITIGA 4)နှင့် အာဆီယံ−ဩစတြေးလျ−နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်မှု ဆိုင်ရာ သဘောတူစာချုပ် (AANZFT 5) တို့အရ အဆိုပါ ၆ နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများကို ပါဝင် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနှင့်အထက် အတွေ့အကြုံရှိခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို ဗဟိုပြု၍ ချုပ်ဆို ထားသော အထက်ပါ FTA များအရ မိမိပို့ကုန်များအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်များသို့ တင်ပို့၍ အကျိုးခံစားခွင့်များ ရရှိလျက် ရှိပါသည်။ ယခု RCEP စာချုပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင် ခြင်းသည် အာဆီယံ ၁၀ နိုင်ငံအပြင် ကျန်အဖွဲ့ဝင် ၅ နိုင်ငံ နှင့် ဆယ်စုနှစ်တစ်ခုကျော် လွတ်လပ်သောကုန်သွယ်မှု ဒေသ အကောင်အထည်ဖော်မှုအတွေ့အကြုံကို အခြေခံ၍ ပြည်တွင်းလုပ်ငန်းများအနေဖြင့် စာချုပ်ပါ စည်းမျဉ်းများ နှင့်အညီ အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို စတင်ညှိနှိုင်းဆွေးနွေး စဉ်ကပင် လိုအပ်သည့် မူဝါဒရေးရာကိစ္စရပ်များကို လမ်းညွှန်မှုပေးခဲ့သော နိုင်ငံတော်အကြီးအကဲများ၊ စေ့စပ် ညှိနှိုင်းရာတွင် တွေ့ကြုံရသည့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် လမ်းညွှန်မှုပေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် စာချုပ်ပါ အခန်းအလိုက်၊ နယ်ပယ်အလိုက် ၁၆ နိုင်ငံ စေ့စပ်ညှိနှိုင်းရာ၌ ကျွန်တော်နှင့်အတူ မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများတွင် မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက် ရပ်တည်၍ ပါဝင်ဆွေးနွေးခဲ့ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကျွန်တော်၏ မိခင်ဝန်ကြီးဌာနဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနများမှ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်အရာရှိများ အားလုံးကို လည်းကောင်း၊ ထို့အတူ စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဥပဒေဆိုင်ရာရှုထောင့်မှ ပါဝင် ညှိနှိုင်းပေးခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အရာရှိ များကိုလည်းကောင်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။
1ASEAN - China Tarde in Goods Agreement
2ASEAN - Korea Tarde in Goods Agreement
3 ASEAN - Japan Comprehensive Economic
Partnership
4 ASEAN - India Tarde in Goods Agreement
5 ASEAN - Astralia-New Zealand Free Trade
Agreement
- Log in to post comments