
သတင်းထုတ်ပြန်ချက်
ဂျီနီဗာမြို့၌ ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၁၂-၇-၂၀၂၁ ရက်တွင် အိုအိုင်စီက တင်သွင်းသည့် “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင် များနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာ တွေ့ရှိရသည်။
ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးများအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော “ရိုဟင်ဂျာ”ဆိုသူ များနှင့် ပတ်သက်၍ အဓိကဖော်ပြထားသည်။ ထို့အပြင် မမှန်ကန် သော သတင်းများ၊ တစ်ဖက်သတ်စွပ်စွဲချက်များကို အခြေခံထား ကြောင်းနှင့် မြန်မာနိုင်ငံက အသိအမှတ်ပြုလက်ခံထားခြင်းမရှိသော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် အချက်အလက် ရှာဖွေရေးအဖွဲ့ စသည့်နိုင်ငံတကာယန္တရားများ၏ အခန်းကဏ္ဍများကို အလေးပေးထားကြောင်းလည်း တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိဖြင့် မျှတမှုမရှိဘဲ ဦးတည်အရေးယူသည့် အဆိုမူကြမ်းများ၊ မိမိတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်စေနိုင်သည့် အပြည်ပြည်ဆိုင်ရာ ယန္တရားများကို အစဉ်တစိုက် လက်ခံခဲ့ခြင်း မရှိခဲ့ပါ။ ထို့အပြင် ယခုဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲအရေးယူသည့် လုပ်ရပ်ဖြစ်သည့်အတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ထင်ဟပ်မှုမရှိသဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးမှုများ ကိုလည်းကောင်း ကန့်ကွက်ပယ်ချသည်။ ထို့အပြင် နိုင်ငံရေးရည်မှန်း ချက်များဖြင့် တီထွင်ဖန်တီးထားသည့် “ရိုဟင်ဂျာ”ဟူသည့် အသုံး အနှုန်းကိုလည်း မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုခြင်း မရှိဘဲ ပယ်ချသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ အားလုံးပါဝင်သည့် အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆုံးဖြတ်ချက် အဆို(မူကြမ်း)ကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ကလည်း သဘောမတူ၊ မထောက်ခံကြောင်း (Dissociate) ပြောကြား ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။