မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်းပွဲ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်းပွဲ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ

==========================================================

 

နေပြည်တော် နိုဝင်ဘာ ၇

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသရှိ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်း၊ မကာအို-မြန်မာ ကုန်သည် ကြီးများအသင်းနှင့် မကာအို Wong Clansmen အသင်း တို့က မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ၊ ဆေးပစ္စည်းကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Test Kit များ လှူဒါန်းခြင်းအခမ်းအနား ကို နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့သည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းကြရန် စီစဉ်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးပို့သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Huang Qiong Cheng နှင့် မကာအို-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Huang Delai တို့က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။(ဝဲပုံ)

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသ မကာအို-မြန်မာ ချစ်ကြည်ရေး အသင်း၊ မကာအို-မြန်မာကုန်သည်ကြီးများအသင်းနှင့် မကာအို Wong Clansmen အသင်းတို့က ပေးအပ်လှူဒါန်းသည့် နှာခေါင်းစည်းများ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် Test Kits များအား မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်