
နေပြည်တော် အောက်တိုဘာ ၁၄
သတ္တမအကြိမ်မြောက် အာဆီယံနိုင်ငံများ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် အလှည့်ကျအိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (NACD) က ကြီးမှူးကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည် တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေး
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်က ကမ္ဘာ တစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေဆိုးများကြောင့် တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအခက်အခဲများ ရှိနေ သော်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မူးယစ် ဆေးဝါးထိန်းချုပ်ရေးကို အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖြတ် ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သူများတွင် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်း ဝယ်မှုများ၏ ကျူးလွန်ပုံ၊ ကျူးလွန်နည်းများနှင့် ပတ်သက်ပြီး နည်းပညာကိုအသုံးချကာ လမ်းကြောင်း ပြောင်းလဲသယ်ဆောင်နေသည့်အတွက် မိမိတို့ အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန် အဟုန်မြှင့်တင်ရန် ပိုမိုလိုအပ်လာပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်၌ တာဝန်ယူခဲ့ သည့် အစိုးရအဖွဲ့များသည် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်၌ ပါဝင်သည့် ကဏ္ဍ(၅)ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် နိုင်ငံတော်အစိုးရ နှင့် ဒေသခံပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်း များ၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဘိန်းစိုက်ပျိုးမှု ၁၁ ရာခိုင်နှုန်းရှိပြီး ဘိန်းထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် သယ်ဆောင်ရာ လမ်းကြောင်းအခြေအနေများကို သုံးသပ်ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၃၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၅၀၈၇ မှု၊ တရားခံပေါင်း ၇၃၃၇ ဦးတို့ကို မူးယစ် ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်နိုင် သော်လည်း နယ်စပ်ဒေသများမှတစ်ဆင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ် ပရီကာဆာဓာတုပစ္စည်းများနှင့် ထိန်းချုပ်ခြင်းမရှိ သည့် ပရီကာဆာဓာတုပစ္စည်းများ နယ်စပ်ဒေသများ မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာမှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ မြင့်တက်လာမှုကို ဖမ်းဆီးရမိမှုများအရ တွေ့ရှိရပါကြောင်း၊ ပရီကာဆာ ဓာတုပစ္စည်းထုတ်လုပ်မှု စီးပွားရေးမှာ မူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့် ဆက်နွှယ်နေသောကြောင့် ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးကိုလည်း ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနှင့် အလေးထားပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီး ကြောင်း ဆွေးနွေးပြောကြားသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင် နိုင်ငံများက မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်း များအတွက် နိုင်ငံအလိုက် ဦးစီးဆောင်ရွက်ခဲ့သည့် (၄၁)ကြိမ်မြောက်နှင့် (၄၂)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ နောက်ဆက်တွဲလုပ်ငန်းကိစ္စရပ် များ၊ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်း စီမံချက် (၂၀၁၆ -၂၀၂၅) ကာလလယ်သုံးသပ်မှု အစီရင်ခံစာအတည်ပြုခြင်း၊ ရွှေတြိဂံဒေသ တရား မဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အာဆီယံပူးပေါင်း ဆောင်ရွက်ရေးစီမံချက် (၂၀၂၀-၂၀၂၂) ကာလလယ် သုံးသပ်မှုအစီရင်ခံစာတင်ပြခြင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (CND)၏ ဆက်စပ်မှုကိစ္စရပ်များဆွေးနွေးခြင်းနှင့် ရှေ့ဆက် လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များကို ရှင်းလင်းပြောကြားကာ ၂၀၂၂ ခုနှစ်အတွက် အဋ္ဌမအကြိမ်မြောက် အာဆီယံနိုင်ငံများ မူးယစ် ဆေးဝါးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ ရေးကိစ္စတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို အတည်ပြုထုတ်ပြန်နိုင်ရေး အတွက် အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပ ခဲ့သည့် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်