
နေပြည်တော် အောက်တိုဘာ ၂၁
အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေး၏ နံနက်ပိုင်း Informal Session တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ တာဝန်ရှိသူများက ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အာရှဒေသစီးပွားရေးအခြေအနေများကို ခြုံငုံသုံးသပ် တင်ပြကြသည်။
သင့်လျော်သောမူဝါဒ ချမှတ်
ယင်းသို့ တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက်ထိခိုက်စေ လျက်ရှိကြောင်း၊ ထုတ်လုပ်မှုကွင်းဆက် ယာယီ ပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိကြောင်း၊ ထို့ပြင် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းက လည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေလျက် ရှိကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ ကြွေးမြီနှင့် ပုဂ္ဂလိကကြွေးမြီများသည်လည်း သိသိသာသာ မြင့်တက်လာလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ကပ်ရောဂါ သည် စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှု များကိုတုံ့နှေးစေလျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းသည် စီးပွားရေးပြန်လည်ဦးမော့လာမှု အတွက် အဓိကအရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ Cyber attacks နှင့် geopolitics များသည်လည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ အလိုက် စီးပွားရေးပြန်လည် ဦးမော့လာရေးကြိုးပမ်းမှု များကို သင့်လျော်သောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
ရည်မှန်းဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရ ပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroeconomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့သည်ကို ဖော်ပြထားပါ ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ချက်များ အဖြစ် နိုင်ငံတွင်းကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိ ကြောင်း၊ ယင်းသို့ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် များကြောင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးခွင့် ရှိသူအားလုံး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကို ထိုးနှံ ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်းပြည်သူ များအတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေး စနစ် တိုးချဲ့ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူ မှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း သက်သာသောချေးငွေများ ထုတ်ချေးမည့်အစီအစဉ် များ ပါဝင်ပါကြောင်း။
မြန်မာနိုင်ငံသည် လက်ရှိတွင် အရေးပေါ်ကာလ ကို ဖြတ်သန်းလျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွား ရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကိုလည်း စီးပွားရေးဦးတည်ချက် တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ သို့ဖြစ်၍ IMF မှတင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ADB မှ တင်ပြ သည့် အာရှဒေသလယ်ယာစိုက်ပျိုးရေးစနစ် အသွင် ပြောင်း ဆောင်ရွက်သင့်သည့် မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင် ရွက်မှုများတွင် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပသည့် အစည်းအဝေး Formal Session တွင် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင် အထည်ဖော်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေး ခဲ့သည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေး အတွက် ၂၀၂၂ ခုနှစ် ဧပြီလတွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်