မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌  ဧပြီ  ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန်  အနည်းငယ်ထပ်တိုးနိုင်

 

ရန်ကုန်   ဧပြီ   ၂၅


မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်  မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီ ၂၈ ရက်နှင့်     ၂၉  ရက်တို့တွင် အပူချိန် ၁ ဒီဂရီခန့်  အနည်းငယ် ထပ်တိုးနိုင်ကြောင်း    မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး  ဦးလှထွန်းက ပြောကြားသည်။

 


ပုံမှန်အားဖြင့်လည်း သင်္ကြန်ပြီးကာလများတွင် အပူချိန်တိုးလေ့ရှိပြီး    များသော အားဖြင့် အချို့နေရာများတွင်  မေလအထိ ဆက်လက်ပူနေဆဲဖြစ်ကြောင်း သိရသည်။

 


“အပူချိန်မြင့်မားနိုင်ခြေရှိတာကတော့    မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့      မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာပါ။   
ပဲခူး၊  ရန်ကုန်၊  ဧရာဝတီ၊   စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးမြို့ အစရှိ တဲ့ နေရာဒေသတွေမှာ နည်းနည်းပေါ့။  ၁ ဒီဂရီလောက်တော့ လာမယ့် ဧပြီ ၂၈ ရက်၊ ၂၉ ရက်တွေမှာ အပူချိန်တိုးနိုင်ပါတယ်။ သင်္ကြန်အပြီးမှာ တော့ ပုံမှန်အားဖြင့်တော့ တိုးနေကျပါပဲ။ ဒီနှစ်မှတိုးတာတော့ မဟုတ်ပါ ဘူး။ သင်္ကြန်ပြီးရင်တော့ များသောအားဖြင့် မေလအထိတောင် အချို့နေရာ တွေ ပူသေးတာရှိသေးတယ်။ အဓိကကတော့ မိုးမရွာလို့ပေါ့လေ။ မိုးမရွာ တဲ့အခါကျတော့  အပူချိန်တွေတိုးတာပေါ့။  တိုးတာကတော့  မိုးမရွာ ရင်တော့ တိုး၊   မိုးရွာနိုင်တဲ့အလားအလာတွေရှိရင်   တစ်ခါပြန်လျော့၊ ဒီလိုပဲ နွေရာသီကတော့ တိုးလာလိုက်၊ နည်းနည်းလေးပြန်လျော့လာလိုက်နဲ့ပဲ သွားနေတာပေါ့”ဟု ဦးလှထွန်းက ပြောသည်။

 


လွန်ခဲ့သည့် ၂၄ နာရီအတွင်းက ဖြစ်ပေါ်ခဲ့သည့်နေ့အပူချိန်အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့်  တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ဧပြီလ၏ ပျမ်းမျှ အပူချိန်တို့ထက်  ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး   ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်  ဧပြီလ၏  ပျမ်းမျှအပူချိန်ခန့်သာ   ရှိခဲ့ကြောင်းနှင့် ဧပြီ ၂၃ရက်တွင်   ဖြစ်ပေါ်ခဲ့သော  ထူးခြားသည့်  နေ့အပူချိန်များမှာ ချောက်မြို့တွင်   ၄၅ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊   ညောင်ဦးမြို့တွင် ၄၄ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၄၄ ဒသမ ၀ ဒီဂရီ ဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၃ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့၊ မြင်းခြံမြို့နှင့် မကွေးမြို့တို့တွင်  ၄၃ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စီ၊ တံတားဦး (လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီနှင့် မန္တလေးမြို့တွင် ၄၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြောင်းလည်း   မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။  “မြန်မာပြည်မှာက ချောက်တို့၊ ဘာတို့က အပူပိုင်းဒေသတွေဖြစ်တော့ ပူတာပေါ့ ။  လောလောဆယ်တော့  လက်ရှိ မြို့အလိုက်   အပူချိန်တွေအရဆိုရင်  ချောက်ကတော့  အပူဆုံးပါ” ဟု ၎င်းက ဆိုသည်။

 


မိုးရွာနိုင်ခြေအနေဖြင့် မြန်မာနိုင်ငံဒေသတွင်သာ မိုးရွာနိုင်ခြေရှိပြီး ကျန်ရှိသည့် အလယ်ပိုင်းဒေသများနှင့်  မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီလကုန်ပိုင်းအထိ မိုးရွာနိုင်မည့်အလားအလာ  မတွေ့ရကြောင်းလည်း ဆိုသည်။   အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို  ကျန်းမာရေး ဝန်ကြီးဌာနမှလည်း  အသိပေးထုတ်ပြန်ထားရှိသည့်အတွက် လိုက်နာ ဆောင်ရွက်ရန် တကယ်တမ်းနေအလွန်ပူတဲ့အချိန်က နံနက် ၁၁ နာရီနဲ့ မွန်းလွဲ ၃ နာရီကြားက  အပူဆုံးအချိန်ဖြစ်နေပြီး   အရိပ်ရသည့်နေရာများ တွင် နေထိုင်ရန်၊   ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ချက်များကို လိုက်နာကြဖို့ လိုအပ်ကြောင်းလည်း  ၎င်းက  ဖြည့်စွက်ပြောကြားသည်။  
       

MT