ကော့ကရိတ် ဇွန် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မြန်မာ နိုင်ငံ လူမှုရေးကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှုရေးကယ်ဆယ်ရေးအဖွဲ့ (ကော့ကရိတ်မြို့)တို့မှ ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံတကာအရေးပေါ်အသက်ကယ် သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက်က ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ကော့ကရိတ်မြို့ ဝါဆိုဦး ကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လက သြဝါဒမိန့်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက အမှာစကားပြောကြား သည်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှထွန်းက မိမိတို့အဖွဲ့အစည်းသည် ပါတီ နိုင်ငံရေးကင်းရှင်းသည့်အဖွဲ့ဖြစ်ပြီး မြို့ပြ ကျေးရွာတို့တွင် ဖွဲ့စည်းထား၍ တိုင်းရင်းသား အားလုံးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး သည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြောကြား သည်။
သင်တန်းတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်းအပါအဝင် နည်းပြ ၁၁ ဦးတို့က လူနာအား သယ်ဆောင်ရာတွင် အသက်သာဆုံး စနစ်တကျသယ်ဆောင်နည်း၊ တစ်ဦးချင်းသော်လည်းကောင်း တစ်ဦးနှင့် အထက် လူနာသယ်ဆောင်နည်း၊ ကယ်ဆယ် ရေးပစ္စည်းများအား ရင်းရင်းနှီးနှီးအသုံးချ တတ်စေနည်း၊ တောင်ပေါ်တောင်အောက် လူနာများ ကယ်ဆယ်နည်း၊ ကားတွင်းညှပ် လူနာဆွဲထုတ်နည်း၊ ဆေးရုံမရောက်မီစပ်ကြား လူနာသွေးထွက်မလွန်အောင် ထိန်းသိမ်းနည်း၊ လူနာများ ပို့ဆောင်ရာတွင် နည်းစနစ်တကျ ချိတ်ဆက်နည်း၊ သေဆုံးသူလူနာကို စနစ် တကျ ထုပ်ပိုးနည်း စသည့်ကယ်ဆယ်ရေး နည်းများကို သင်တန်း ငါးရက်တာ လက်တွေ့ ပို့ချမည်ဖြစ်ပြီး ကော့ကရိတ်မြို့ပေါ်နှင့်ကျေးရွာ ၁၄ ရွာတို့မှ သင်တန်းသား ၉၀ တို့ တက်ရောက် ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)



