
နေပြည်တော် ဒီဇင်ဘာ ၁၀
ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒုတိယ ခြောက်လပတ် ကောင်စီညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
လုပ်ငန်းတာဝန်များ ချမှတ်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာ ကောင်စီတွင် ကောင်စီက အသိအမှတ်ပြုသည့်ဘွဲ့နှင့် ဒီပလိုမာများကို ထုတ်ပြန်ကြေညာခြင်း၊ ပြည်တွင်း ပြည်ပမှ ဘွဲ့၊ ဒီပလိုမာရသူများကို အသိအမှတ်ပြုခြင်း နှင့် ငြင်းပယ်ခြင်း၊ ဘွဲ့၊ ဒီပလိုမာရသူများ၏ လိုအပ် သည့် လုပ်ငန်းဆိုင်ရာ အရည်အချင်းသတ်မှတ်ခြင်း၊ ကျင့်ဝတ်သိက္ခာသတ်မှတ်ခြင်းနှင့် လိုက်နာစောင့်ထိန်း ရန် ကြီးကြပ်ခြင်း၊ အရည်အသွေးနှင့် အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန် အစိုးရ/အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ စာရင်း ထုတ်ပြန်ခြင်း၊ ဝန်ကြီးဌာနများသို့ အကြံပြုခြင်း၊ ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှု ဆောင်ရွက်ပေးခြင်း၊ အဆင့် အတန်း မြင့်မားရေးအတွက် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုခြင်းနှင့် ကူညီ ခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများနှင့် လုပ်ငန်းအခြေခံစံနှုန်းများ ကိုက်ညီမှု ရှိ/မရှိ သဘော ထားပြန်ကြားခြင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခြင်း၊ ကောင်စီ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် တာဝန်ခံဝန်ကြီးဌာနက ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းတာဝန်များ ချမှတ်ထားကြောင်း။
စဉ်ဆက်မပြတ် မွေးမြူပေး
မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအနေဖြင့် ကောင်စီ၏တာဝန်များကို အောင်မြင်ပေါက်မြောက် အောင် ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခဲ့သလို မကြာမီ ကောင်စီ၏ ဒုတိယအကြိမ်သက်တမ်းစေ့ရောက်မည် ဖြစ်၍ တတိယအကြိမ် ကောင်စီဖွဲ့စည်းရေး တာဝန် များကိုလည်း ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ကောင်စီ၌ ငယ်ရွယ် ထက်မြက်သည့် အင်ဂျင်နီယာပညာရှင်များ ပါဝင်ရန် လိုကြောင်း၊ သို့ပါ၍ လူငယ်အင်ဂျင်နီယာပညာရှင် များပါဝင်ရန် ယခုမှစ၍ စဉ်ဆက်မပြတ် မွေးမြူပေး ရန်လိုကြောင်း၊ သို့မှသာ အနာဂတ်၌ ပညာရှင်ရှား ပါးလာမှုကို ကုစားနိုင်မည်ဖြစ်ကြောင်း။
ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ကောင်စီ၏ ဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများ၊ လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုမှ ရရှိလာသည့် ရှေ့လုပ်ငန်းစဉ်များအပေါ် အခြေအနေ ကောင်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီပညာရှင်များ ကြီးကြပ်ထိန်း သိမ်းမှု အာဏာပိုင်အဖွဲ့ (Professional Statutory and Regulatory Body) အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်ရင်း မြန်မာနိုင်ငံ၏အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ တိုင်းကျိုး ပြည်ပြုလုပ်ငန်းတာဝန်များကို ဆတက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးညှိနှိုင်းဆုံးဖြတ်
ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချိုဝင်းမော်နှင့် လုပ်ငန်းကော်မတီ အသီးသီးတို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင် ရွက်မည့်လုပ်ငန်းအစီအမံများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်