မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် Website အသစ် www.mnhrc.org.mm အား စတင်မိတ်ဆက်

 

ရန်ကုန်    ဒီဇင်ဘာ  ၁၀


(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  အမှတ်(၂၇)   ပြည်လမ်းရှိ  မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့်အရေး   ကော်မရှင်ရုံး(Conference Room)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန် ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ၊    ကော်မရှင်အဖွဲ့ဝင်များနှင့်  ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၃) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ  လူ့အခွင့်အရေးနေ့  အထိမ်းအမှတ်အခမ်း အနားသို့  ပေးပို့သည့်  သဝဏ်လွှာကို  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် က ဖတ်ကြားသည်။

 


ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်နှင့်စပ်လျဉ်း၍ အမှာစကားပြောကြား ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် Website အသစ် www.mnhrc.org.mm အား စတင် မိတ်ဆက်လွှင့်တင်ပေးသည်။

 


ယင်းနောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး နေ့အထိမ်းအမှတ်အဖြစ်    ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း Animation ဇာတ်လမ်းကို ပြသ သည်။

 


ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်  ဦးပေါ်လွင်စိန်က  ကော်မရှင်၏ (၁၀) နှစ်တာ  ခရီးသမိုင်းကြောင်းစာအုပ် ဖြန့်ချိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်၏ (၁၀)နှစ်တာ   ခရီးသမိုင်းအကြောင်းစာအုပ် ဖြန့်ချိခြင်း အစီအစဉ်ကို ပြုလုပ်ကြသည်။

 


ယင်းနောက်  (၇၃)နှစ်မြောက်    အပြည်ပြည် ဆိုင်ရာ  လူ့အခွင့်အရေးနေ့အထိမ်းအမှတ်  ကဗျာ ပြိုင်ပွဲတွင်   ပထမဆုရရှိသူ  ဒေါ်ခိုင်ယဉ်မွန်သန့်၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒေါ်ဝတ်ရည် ဝင်း၊   ဌာနအလိုက်  လုပ်ငန်းဆောင်ရွက်ချက်များ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းခြင်းပြိုင်ပွဲ ပထမဆု ရရှိသော နိုင်ငံတကာဆက်ဆံရေးဌာနနှင့် ဘာသာ ပြန်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စသည့်ပြိုင်ပွဲများ တွင် ဆုရရှိကြသည့် ကော်မရှင်ရုံးဝန်ထမ်းများအား ကော်မရှင်ဥက္ကဋ္ဌ   ဦးလှမြင့်၊   ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက    ဆုများပေးအပ်ချီးမြှင့် ကြသည်။   အဆိုပါပြိုင်ပွဲများတွင်  ကော်မရှင်ရုံး ဝန်ထမ်း စုစုပေါင်း ၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 


ထို့နောက်   ကော်မရှင်၏   မူပိုင်တေးသီချင်း ဖြစ်သည့် “အားလုံးအတွက် လူ့အခွင့်အရေး” သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်း အမှတ်အဖြစ် ကမ္ဘာ့နိုင်ငံများ၌ လူ့အခွင့်အရေးနေ့ အခမ်းအနားများ ကျင်းပကြသည့်နည်းတူ မြန်မာ နိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို ၂၀၁၅ ခုနှစ်မှစတင်၍ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင် ၍ နှစ်စဉ်ကျင်းပခဲ့သည်။


သတင်းနှင့်ဓာတ်ပုံ-ကိုကိုဇော်(သတင်းစဉ်)