
နေပြည်တော် ဒီဇင်ဘာ ၅
မြန်မာ့မီးရထားအနေဖြင့် ပြည်သူ များ ခရီးသွားလာမှု လွယ်ကူ အဆင်ပြေစေရေးနှင့် ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်း ကို ကျန်းမာရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် အညီ ပြေးဆွဲဆောင်ရွက်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ တတိယလှိုင်း အပြီးတွင် ရုံးဌာနများ၊ စက်ရုံ/ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ချိန် မှစ၍ ခရီးသွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် မြန်မာ့ မီးရထားက ခရီးစဉ်များ တိုးချဲ့ ပြေးဆွဲခဲ့ရာ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် အမြန်ရထား နှစ်စင်းစီ၊ ရန်ကုန်-ပြည်လမ်း ပိုင်း၊ သာစည်-ရွှေညောင်လမ်း ပိုင်းတို့တွင် စာပို့ရထား နှစ်စင်းစီ၊ ရန်ကုန်-ပဲခူးလမ်းပိုင်း၊ သာစည်-မြင်းခြံလမ်းပိုင်း၊ ပုဂံ-မန္တလေး လမ်းပိုင်း၊ ပျဉ်းမနား- တောင်တွင်း ကြီးလမ်းပိုင်း၊ မော်လမြိုင်-ရေး လမ်းပိုင်းနှင့် ပုသိမ်-ကြံခင်းလမ်း ပိုင်းတို့တွင် လူစီးကုန်တင် ရထား နှစ်စင်းစီ၊ အင်းစိန်-ဥက္ကံ လမ်းပိုင်းနှင့် ပခုက္ကူ-ကျွန်းချောင်း လမ်းပိုင်းတို့တွင် RBE ရထား နှစ်စင်းစီ စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး လမ်းပိုင်းများတွင် RBE ရထား ၂၂ စင်း၊ စုစုပေါင်းအစင်း ၅၀ ပြေးဆွဲပေးလျက်ရှိသည်။
ပြည်သူများ အနေဖြင့် မန္တလေး-လားရှိုး လမ်းပိုင်း အတွင်းရှိ ဂုတ်ထိပ်တံတားကြီး အား လေ့လာကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီး မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ် အသွားအပြန် စာပို့ ရထားခရီးစဉ်အဖြစ် အပတ်စဉ် တနင်္လာနေ့တွင် မန္တလေးမှ ပြင်ဦး လွင်သို့လည်းကောင်း၊ အင်္ဂါနေ့ တွင် ပြင်ဦးလွင်မှ ဂုတ်ထိပ်၊ ဂုတ်ထိပ်မှ ပြင်ဦးလွင်သို့လည်း ကောင်း၊ ဗုဒ္ဓဟူးနေ့တွင် ပြင်ဦး လွင်မှမန္တလေးသို့လည်းကောင်း ပြေးဆွဲ ပေးလျက်ရှိသည်။
မြန်မာ့မီးရထား အနေဖြင့် ခရီးသည်များ စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှုများ များပြား လာသည့် အခြေအနေများအပေါ် မူတည်၍ ရထားခရီးစဉ်များကို ထပ်မံတိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်