ရန်ကုန် အောက်တိုဘာ ၁
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်-ပဲခူး ခရီးစဉ်အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန် လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှဌာန အကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှဝန်ထမ်းများနှင့် ရထားစီး ခရီးသွားပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့က အမှာစကားပြောကြားကြပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ခြင်းစီမံကိန်းနှင့်အတူ ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် အမှတ်(၁၅)အဆန်/ အမှတ်(၁၆)အစုန်အား စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံမှ ယနေ့ စတင်ပြေးဆွဲထွက်ခွာသည့် အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူးခရီးစဉ် DEMU ရထားတွဲဆိုင်းအသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လိုက်ပါစီးနင်းကြမည့် ရထားစီးခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲ ထွက်ခွာသည့် အမှတ် (၁၅)အဆန် DEMU ရထားဖြင့် စီးနင်းလိုက်ပါ ကြည့်ရှုစစ်ဆေးကြသည်။
ယခင်က ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် ပြေးဆွဲပေးလျက်ရှိသော အမှတ်(၁၃)အဆန်/ အမှတ်(၁၄) အစုန် RBE ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်း၍ ၎င်း RBE ရထားခရီးစဉ် အချိန် စာရင်းအတိုင်း ခေတ်မီ DEMU ရထား တွဲဆိုင်းအသစ်များ အသုံးပြု၍ အမှတ်(၁၅) အဆန်/ အမှတ်(၁၆)အစုန် DEMU ရထားအဖြစ် ပြောင်းလဲ ပြေးဆွဲသွားရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက်(၆)နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက်(၈)နာရီ မိနစ်(၂၀)တွင် ဆိုက်ရောက် မည်ဖြစ်ပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ (၄၅)မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ (၇)နာရီ(၅)မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။
လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း (၁၂)ဘူတာတို့တွင် ရပ်တန့်ပေးသွားမည် ဖြစ်သည်။ ယင်း DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း(၈၃၂)ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခ အနေဖြင့် ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါ စီးနင်းပါက ငွေကျပ် ၁၃၀၀ နှုန်း သတ်မှတ်ထားပြီး ၎င်းရထားခရီးစဉ်ကို အောက်တိုဘာ (၂)ရက်မှစ၍ ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။
(သတင်းစဉ်)