
နေပြည်တော် ဒီဇင်ဘာ ၁၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြန်မာ့မီးရထား ယန္တရားအလုပ်ရုံ (မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်း တွင် မြန်မာ့မီးရထား ယန္တရားအလုပ်ရုံ (မလွှကုန်း)သို့ ရောက်ရှိရာ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (မြို့ပြ)နှင့် အလုပ်ရုံအင်ဂျင်နီယာမှူးတို့က အလုပ်ရုံ ၏ ရထားသံလမ်းလုပ်ငန်းသုံး ပစ္စည်းများနှင့် လက်သုံးကိရိယာပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ ရထား လမ်းပြုပြင်မွမ်းမံမှု လုပ်ငန်းများတွင် အသုံးပြုနေ သည့် အင်ဂျင်နီယာသုံး စက်ပစ္စည်းများအား ပြုပြင် ထိန်းသိမ်းနိုင်မှု၊ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ဌာနပိုင်စက်ယန္တရားများ၏ အခြေအနေနှင့် မြန်မာ့ မီးရထား၊ တိုင်းနယ်မြေအလိုက် စက်ယန္တရားများ ဖြန့်ခွဲချထားမှု၊ မွမ်းမံထိန်းသိမ်းမှု ဆောင်ရွက်နေသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အလုပ်ရုံမှထုတ်လုပ်နေသည့် ပစ္စည်းများ ကို အရည်အသွေးပိုမိုကောင်းမွန်အောင် ဆောင်ရွက် ကြရန်နှင့် လုပ်ငန်းခွင်များ၌ လိုအပ်ချက်ပမာဏကို ပြည့်မီအောင်ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ယန္တရားများကို သတ်မှတ်ထားသော မွမ်းမံထိန်းသိမ်းရေးလမ်းညွှန်ချက် (Maintenance Manual)များအတိုင်း ပုံမှန်စစ်ဆေး၊ မွမ်းမံ၊ ထိန်းသိမ်း မှု လုပ်ငန်းစဉ်များအား မပျက်မကွက် ဆောင်ရွက်ရန် နှင့် မှတ်တမ်းစာအုပ်(Log Book)များ စနစ်တကျ ထားရှိ၍ မှတ်တမ်းထားရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်း ခွင်၌ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံ(Safety Plan)များ၌ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များ အတိုင်း အမြဲမပြတ် ဂရုစိုက်လိုက်နာဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ စက်ယန္တရားကိုင်တွယ် မောင်းနှင်ရသည့် ဝန်ထမ်းများနှင့် မွမ်းမံပြုပြင် ထိန်းသိမ်းရေးတာဝန်ရှိသည့် ဝန်ထမ်းများကို ကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ ဝတ်စုံ၊ ပစ္စည်း(Safety Equipment)များကို ပြည့်စုံအောင် တပ်ဆင်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝယ်ယူ ရရှိထားပြီးဖြစ်သည့် သံလမ်းပြုပြင်ထိန်းသိမ်းရေး စက်ယန္တရားအသစ်များနှင့် သံလမ်းပြုပြင်၊ မွမ်းမံရေး လုပ်ငန်းသုံးစက်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ စက်ယန္တရားများ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ နိုင်ရေး၊ သက်တမ်းပြည့် ရေရှည်သုံးစွဲသွားနိုင်ရေး၊ သတ်မှတ်အချိန်များအတိုင်း အချိန်မှန်စက်နှိုးစမ်းသပ် မှု(Function Test)လုပ်ငန်းများကို မပျက်မကွက် ဆောင်ရွက်ကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်