
ရန်ကုန် နိုဝင်ဘာ ၉
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ခြေစစ်ပွဲအောင်မြင် ထားသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲမတိုင်မီ နိုင်ငံ တကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပ မည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု (B) တွင် သြစတြေး လျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှား၊ အုပ်စု (C) တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့်မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှ ဖလားပြိုင်ပွဲတွင် အသင်းကြီးများနှင့် တွေ့ဆုံနေသဖြင့် ခြေစွမ်း ကောင်းမွန်သည့်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ယခုရက်ပိုင်းအတွင်း စတင်လေ့ကျင့်မည်ဖြစ်ပြီး ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲ အတွက် နှစ်လကျော် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုး သမီးအသင်းသည် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်အသင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများ အနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်း ရှစ်သင်းမှာ ကွာတား ဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ရဲရင့်လွင်၊ ဓာတ်ပုံ-AFC