မြန်မာဗိုဗီနမ်အသင်း နောက်ဆုံးနေ့တွင် ငွေနှစ်ခု၊ ကြေးနှစ်ခု ထပ်မံရရှိပြီး နိုင်ငံအလိုက် ပထမနေရာရရှိ

Image not available
 
 
နေပြည်တော်    ဒီဇင်ဘာ    ၁၈
 
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲမှာ ယနေ့ညနေပိုင်းက ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာဗိုဗီနမ်အဖွဲ့က  ငွေနှစ်ခု၊ ကြေးနှစ်ခုသာ ထပ်မံဆွတ်ခူးရရှိကာ နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့သည်။
 
နောက်ဆုံးနေ့တွင် ကျင်းပသည့်ပြိုင်ပွဲများအနက် အမျိုးသား၊ အမျိုးသမီး လေးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် လာအိုက ရွှေတံဆိပ်၊ ကမ္ဘောဒီးယားက ငွေတံဆိပ်၊ မြန်မာက ကြေးတံဆိပ်၊ အမျိုးသမီးနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ဗီယက်နမ်က ရွှေတံဆိပ်၊ ကမ္ဘောဒီးယားနှင့်  လာအိုက ပူးတွဲငွေတံဆိပ်၊ မြန်မာက ကြေးတံဆိပ်၊ အမျိုးသားတစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် အင်ဒိုနီးရှားက   ရွှေတံဆိပ်၊   ကျော်သူစိုးအောင်(မြန်မာ)က ငွေတံဆိပ်၊ ကမ္ဘောဒီးယားက ကြေးတံဆိပ်၊ အမျိုးသား ၅၄ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားက ရွှေတံဆိပ်၊ ဝိုင်းချစ်(မြန်မာ)က ငွေတံဆိပ်၊ အမျိုးသမီး ၅၄ ကီလိုတန်းတွင် ဗီယက်နမ်က ရွှေတံဆိပ်၊ ကမ္ဘောဒီးယားက ငွေတံဆိပ်၊ ထိုင်းက ကြေးတံဆိပ်ရရှိသည်။ 
 
ဗိုဗီနမ်ပြိုင်ပွဲအပြီးတွင် မြန်မာအသင်းက ရွှေငါးခု၊ ငွေငါးခု၊ ကြေးလေးခု ဖြင့် ပထမ၊ ကမ္ဘောဒီးယားအသင်းက ရွှေလေးခု၊ ငွေငါးခု၊ ကြေးရှစ်ခုဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက ရွှေလေးခု၊ ငွေသုံးခု၊ ကြေးနှစ်ခုဖြင့် တတိယ၊ လာအိုအသင်းက ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခုဖြင့် အဆင့်(၄)၊ ထိုင်းအသင်းက ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် အဆင့်(၅)၊ အင်ဒိုနီးရှားအသင်းက ရွှေတစ်ခု၊ ငွေတစ်ခုဖြင့် အဆင့်(၆)နေရာတွင် ရပ်တည်ခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲအမျိုးအစား ၁၇ မျိုး ထည့်သွင်းကျင်းပရာတွင် ၁၄ မျိုး၌ ဆုတံဆိပ် ရယူနိုင်ခဲ့သည်။                                             
 
ရှိုင်းထက်ဇော်