
နေပြည်တော် ဒီဇင်ဘာ ၁၃
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M-Gallery ဟိုတယ်၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကား ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှု၏ရလဒ်
ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်မည်ဆိုပါက ပန်းတိုင်နှင့်အလှမ်းကွာမည်ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို အားပေးလုပ်ဆောင်ပါကြောင်း၊ ယခု မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်း သည်လည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံအဆင့်တွင် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ ASEAN-ERAT ရှိသကဲ့သို့ ပြည်တွင်းတွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ရှိသင့်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ AHA Centre တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ပံ့မှု ပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း၏ လုပ်ငန်းစဉ်များအနက် မြန်မာ ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီး လေ့ကျင့် သင်တန်းပေးခြင်းသည် အဓိကအကျဆုံး ဖြစ်ပါ ကြောင်း။
ထပ်မံထည့်သွင်းရေးဆွဲခဲ့
သင်တန်းအတွက် သင်ရိုးညွှန်းတမ်းတွင် ပဋိပက္ခအခြေအနေတွင် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းနှင့် လူမှုသဟဇာတဖြစ်ရေး ဘာသာရပ် များပါ ထပ်မံ ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ၎င်းဘာသာရပ်များသည် ပြည်တွင်းစွမ်းဆောင်ရည် မြှင့်ရန်အတွက် လိုအပ်သကဲ့သို့ လူမှုဘဝရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ ဖြစ်မည်ဟုယူဆပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ရပါက မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့က ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ် မှုများပါ ဆောင်ရွက်နိုင်စေရန်အတွက် အရေးပါသော အဖွဲ့တစ်ဖွဲ့ဖြစ်လာစေရန်အထိ မျှော်မှန်းပါကြောင်း၊ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းသည် သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရသောဝန်ကြီးဌာနများမှ အလယ် အလတ်အဆင့် အရာထမ်းများ ပါဝင်သည့်အတွက် ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက် ရသည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သကဲ့သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများ ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည့်အတွက် ယနေ့သင်တန်းမှ ရရှိမည့်အတွေ့ အကြုံဗဟုသုတ၊ နည်းပညာများဖြင့် မိမိနေထိုင်ရာ မြို့နယ်ဒေသကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပြ များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ သင်တန်းသားများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုရေးအဖွဲ့ အစည်းများမှ သင်တန်းသားများအပါအဝင် သင်တန်း သားစုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကို ယနေ့မှ ဒီဇင်ဘာ ၁၈ ရက်အထိ သင်တန်းကာလ ခြောက်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်