
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၇
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ် အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်း မောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမား များ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တိုင်းဒေသကြီး နှင့် ပြည်နယ်အားကစား ပြိုင်ပွဲ များ ကျင်းပရခြင်းသည် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသ အသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမား များ ပေါ်ထွက်လာစေရေးတို့ အတွက် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား အမျိုးသမီးငယ် များ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ အရည် အချင်းပြည့်ဝသည့် အမျိုးသမီး ဘောလုံး အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေ ရန်၊ မြန်မာ့အမျိုးသမီး ဘောလုံး လောက အဆင့်အတန်း တိုးတက် မြင့်မား လာစေရန်အတွက် သွေးသစ် လောင်းနိုင်မည့် မျိုးဆက်သစ်အမျိုးသမီး ဘောလုံး အားကစားသမားများ စဉ်ဆက် မပြတ် ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပ ရခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် အချိန်တွင် ယနေ့ကျင်းပသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြိုင်ပွဲသည် သာမန် အားကစားပြိုင်ပွဲ တစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာအလယ် တွင် ဘောလုံးအားကစားနည်း ဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရန် အထောက်အကူ ဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားသမားများ အနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွား ကြရန် ပြောကြားလိုပါကြောင်း။
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ သည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အမျိုးသမီးဘောလုံး အသင်းသည် ကြေးတံဆိပ်ဆုရရှိခဲ့ ကြောင်း၊ လက်ရှိတွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အာရှဖလားအမျိုး သမီး ပြိုင်ပွဲအတွက် ခြေစစ်ပွဲများ အောင်မြင်ထားပြီး နောက်ဆုံး အဆင့်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားပါကြောင်း၊ ထို့ပြင် အသင်း၏အောင်မြင်မှုနှင့် အတူ မြန်မာ့လက်ရွေးစင်အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း သည် အိန္ဒိယနိုင်ငံထိပ်တန်း အမျိုးသမီးဘောလုံးအသင်းတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး Professional ဘောလုံးသမားအနေဖြင့် သွား ရောက်ခြေစွမ်းပြ ကစားနေပြီဖြစ် ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီး ဘောလုံး အားကစားသမားများ အနေဖြင့် ကြိုးစားလျှင် ကြိုးစား သလို အခွင့်အလမ်းများ ရရှိလာ နေပြီဖြစ်သည့်အတွက် ယခု ကတည်းက အားကြိုးမာန်တက် ကြိုးစားသွားရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင် အားကစားသမားများ အား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘောလုံး ဝါသနာရှင်ပြည်သူများ သည်ပထမပွဲစဉ်ဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် မန္တလေး တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေး ကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် ၂၅နှစ် အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ ဘောလုံးဝါသနာရှင်များ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်