
နေပြည်တော် အောက်တိုဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာဗောဓိပင် အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
ဆက်ကပ်ပူဇော်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် မဟာဗောဓိအောင်မြေ ကုန်းတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူနှင့် မဟာဗောဓိပင်တို့အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများ ဆက်ကပ်ပူဇော် လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်-တပ်ကုန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ မဟာဇနကကျောင်းတိုက် ဦးစီး ပဓာန နာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏာရဟနှင့် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူနှင့် မဟာဗောဓိပင်တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ထို့နောက် ဆရာတော်များထံမှ ငါးပါးသီလခံယူ ခြင်း၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး ဒေါ်ခင်ဆွေဝင်း နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ညောင်ရေသွန်းလောင်းပူဇော်
ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းနှင့် မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ပြုလုပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး တို့က ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာဗောဓိပင် ပူဇော် လှူဒါန်းရခြင်း ကမ္ပည်းကျောက်စာတိုင်ကို စိုက်ထူ ဖွင့်လှစ်ပေးပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အမှတ်တရလက်ဆောင်များ ပေးအပ်
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ နေ့စဉ်ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးကာ သီတင်းကျွတ် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား နှုတ်ဆက်အားပေးစကား ပြောကြားရာတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများသည် ယခင် ကိုဗစ်ကာလ ရုံးပိတ်ရက်ရှည်များ၊ ယခုလို သီတင်း ကျွတ် ရုံးပိတ်ရက်များ၊ သင်္ကြန်ရုံးပိတ်ရက်ရှည်များ အပါအဝင် ရုံးပိတ်ရက်များတွင် အခြားသော ဝန်ထမ်း များကဲ့သို့ နားရက်မရှိဘဲ မီဒီယာလုပ်ငန်းများကို နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဆောင်ရွက်နေကြ ရသည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ရုံးပိတ်ရက်မရှိ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူ့ အတွက် သတင်းအချက်အလက် ပြန်ကြားခြင်း၊ အသိပညာမျှဝေပေးခြင်းနှင့် ဖျော်ဖြေမှုပေးခြင်းတို့ကို ရုပ်မြင်သံကြားထုတ်လွှင့်မှုများအား MRTV-HD၊ NRC ၊ Farmers ၊ Education ၊ Sports ၊ Hluttaw Channel တို့အပြင် အကျိုးတူပူးပေါင်းဆောင်ရွက် သည့် MITV ၊ MRTV Entertainment Channel တို့ဖြင့် လည်းကောင်း၊ ရေဒီယိုထုတ်လွှင့်မှုများအား မြန်မာ့ အသံရေဒီယို၊ တိုင်းရင်းသားဘာသာ အစီအစဉ်၊ သပြေရေဒီယို၊ မေယု FM နှင့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်လွှင့်သည့် Myanma Radio (FM Channel) တို့ဖြင့်လည်းကောင်း၊ MRTV Webportal တည်ထောင်ပြီး Online Media များဖြင့်လည်းကောင်း အများပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့် နေ့စဉ် ရုံးပိတ်ရက်မရှိ ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်