မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၏ စစ်တွေထပ်ဆင့်လွှင့်စက်ရုံတွင် မီတာ ၃၀ တာဝါတိုင် အစားထိုးစိုက်ထူ၍ ရုပ်သံ (TV) နှင့် FM ရေဒီယိုများ ပြန်လည်ထုတ်လွှင့်

 

စစ်တွေ   မေ   ၃၁


ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မေ ၁၄ ရက်က ပြိုလဲ ပျက်စီးခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ စစ်တွေထပ်ဆင့်လွှင့်စက်ရုံတွင် မီတာ ၁၀၀ တာဝါတိုင် ပြိုလဲပျက်စီး ခဲ့မှုနှင့်အတူ ရုပ်သံ (TV) နှင့် FM ရေဒီယိုများ ထုတ်လွှင့်မှုရပ်ဆိုင်းခဲ့ရာ မှ မေ ၃၀ ရက် ညနေ  ၆ နာရီမှ   စတင်၍  မူလလှိုင်းနှုန်းများအတိုင်း ပြန်လည်ထုတ်လွှင့်နိုင်ပြီဖြစ်သည်။

 


အဆိုပါ စက်ရုံတွင် မီတာ ၁၀၀ တာဝါတိုင်ပြိုလဲမှုအပြင်   စက်ရုံ အဆောက်အအုံနှင့်   ဝန်ထမ်းအိမ်ရာအမိုးများ  ထိခိုက်ပျက်စီးခဲ့ရာ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြိုလဲပျက်စီးခဲ့သော မီတာ ၁၀၀  တာဝါတိုင်အား ဖြုတ်သိမ်းရှင်းလင်းမှုနှင့်အတူ မီတာ၃၀ တာဝါ တိုင် အစားထိုးစိုက်ထူပြီး DVB-T2 နှင့် FM ရေဒီယိုအင်တာနာများ တပ်ဆင်ခြင်း၊ TVRO စလောင်းများ ပြန်လည်တပ်ဆင်ခြင်း၊ ယာယီ လွှင့်စက်များ ပြောင်းလဲတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စမ်းသပ် ထုတ်လွှင့်မှုများ ပြုလုပ်၍ မေ ၃၀ ရက် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ မီးစက်အသုံးပြု၍  စတင်ထုတ်လွှင့်ခြင်းဖြစ်ကြောင်းနှင့်  လျှပ်စစ် ဓာတ်အားရရှိမှုအလိုက်   ထုတ်လွှင့်ချိန်   တိုးမြှင့်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။          

                                           

သတင်းစဉ်