မြန်မာအမျိုးသားလေကြောင်းက စင်းလုံးငှားဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ ပျံသန်းပြေးဆွဲမည်

 

ရန်ကုန်   စက်တင်ဘာ   ၁၆


မြန်မာအမျိုးသားလေကြောင်း (Myanmar National  Airline-MNA)  က  လေယာဉ်စင်း လုံးငှားဝန်ဆောင်မှုဖြင့်     မြန်မာနိုင်ငံအတွင်း နှင့် အာရှပစိဖိတ်ဒေသများသို့ ပျံသန်းပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။

 


“စင်းလုံးငှားက        ကျွန်တော်တို့က ပြည်တွင်းရော၊     ပြည်ပရော    လုပ်တာပါ။     ပြည်ပဆိုရင်    ဘိုးရင်းနဲ့    သွားတာရှိတယ်။  အေတီအာရ်နဲ့     သွားတာလည်း     ရှိတယ်။   ပြည်တွင်းကတော့  များသောအားဖြင့် အေတီ အာရ် သုံးတာပေါ့။

 

ပြည်တွင်းကို ငါးရက်လောက် ကြိုပြောရင်ရပါတယ်။ နိုင်ငံခြားပျံသန်းတာကို တော့   အနည်းဆုံး  နှစ်ပတ်လောက်ကြိုပြောရင်
စီစဉ်ပေးလို့ရတယ်။  အေးရှား-ပစိဖိတ်ဖြစ်ဖို့တော့   လိုတာပေါ့။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့က ပျံချင်တိုင်း  ပျံလို့မရဘူး။  တရုတ်ဆိုရင်  ပါမစ်ရထားတဲ့မြို့တွေ   ကူမင်းတို့၊  ချန်ဒူးတို့  ပျံလို့ရတယ်။  နောက် ကျွန်တော်တို့ပျံနေတဲ့   ဘန်ကောက်တို့၊  ချင်းမိုင်တို့ရမယ်၊  ဖူးခက်ရ မယ်။ နောက်တစ်ခါ စင်ကာပူရမယ်။ အိန္ဒိယကဆို  ဒေလီတို့၊     ဗုဒ္ဓဂယာ တို့     ပျံသန်းမယ်ဆို သက်ဆိုင်ရာနိုင်ငံတွေကို  ခွင့်ပြုချက်တောင်းရတာ၊၊ ဆင်းမယ့်နိုင်ငံတစ်ခုတည်းတင်လည်း မဟုတ်ဘူး။ ကြားထဲမှာဖြတ်ပျံ မယ့်နိုင်ငံတွေကိုပါ   ခွင့်ပြုချက်  တောင်းရတာ။   အဲဒါတွေအားလုံး   ခွင့်ပြုချက်ရမှ ကျွန်တော်တို့ကပျံလို့ရတာပါ”ဟု မြန်မာအမျိုးသား လေကြောင်း စီးပွားရေးဌာနမှ စီးပွားရေးအရာရှိချုပ် ဦးနိုင်စောလွင်က ပြောသည်။

 


မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အာရှပစိဖိတ်ဒေသတွင်း ရှိနိုင်ငံများသို့    ချဲ့ထွင်ပျံသန်းနိုင်ရန်  ရည်ရွယ်ကာ  Boeing 737-800   လေယာဉ် တစ်စင်းကို Dubai Aerospace Enterprise(DAE)မှ ငှားရမ်း ခဲ့ရာ ယင်းဘိုးရင်းလေယာဉ်သည် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်က   ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့     ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းလည်း   သိရသည်။

 


လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းသည် ပြည်တွင်း ၂၈ မြို့သို့  ပျံသန်းလျက်ရှိပြီး ပြည်တွင်း ခရီးစဉ်အများဆုံးပျံသန်းသည့် လေကြောင်းတစ်ခုလည်းဖြစ်သည်။ ထို့အတူ ပြည်ပခရီးစဉ်များဖြစ်သည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်နှင့်   ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်တို့ကို  နေ့စဉ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း၊   ဗုဒ္ဓဂယာသို့လည်း  Charter ခရီးစဉ် ပျံသန်းပြေးဆွဲနိုင်ရန်     ဆောင်ရွက်လျက်ရှိကြောင်းနှင့် အောက်တိုဘာ၊ နိုဝင်ဘာတွင် ပျံသန်းပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရ သည်။

 


မြန်မာအမျိုးသားလေကြောင်း   (MNA)  သည် ၁၉၄၈ ခုနှစ်တွင် Union of Burma Airways (UBA)အဖြစ် စတင်တည်ထောင်ခဲ့ရာ ၂၀၂၂ ခုနှစ်   စက်တင်ဘာ  ၁၅ ရက်တွင်  (၇၄) နှစ်  ပြည့်မြောက်တော့မည် ဖြစ်၍  အထူးအစီအစဉ်အနေဖြင့် စက်တင်ဘာ ၁၅ ရက်ခရီးစဉ်များတွင် လိုက်ပါစီးနင်းကြသည့် ခရီးသည်များအား လေယာဉ်ပေါ်၌ လက်မှတ် များ  ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း   သိရသည်။     
     

အာကာလင်း