မြန်မာ့အမွေ၊ ကမ္ဘာ့အမွေ ထိန်းသိမ်းရမယ့် အင်းလေးကန်ဇီဝအဝန်းနယ်မြေ

Type
77

 

ကောင်းထက်
 

 

လှေကို ခြေနှင့်လှော်သောကြောင့်၊ ခရီးကို လှေဖြင့်သွားသောကြောင့်၊ အိမ်ကို ရေတွင်ဆောက်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိတ်ဝင်တစား လည်ပတ်သော နေရာတစ်ခုအဖြစ် အင်းလေးကန်သည် ထင်ရှား၏။ ထိုသို့ ကန်နှင့်အတူ ရှင်သန်နေထိုင်သော အင်းသူအင်းသားတို့၏ လူမှုဘဝနှင့် ရိုးရာ ဓလေ့များသာမက ဇီဝမျိုးစုံ မျိုးကွဲများစွာကိုပါ အင်းလေးကန်ဝန်းကျင်ဒေသတွင် လေ့လာနိုင်သည်။

 


ရှမ်းကုန်းပြင်မြင့်ရှိ   တောင်မြောက်သွယ်တန်း နေသော တောင်တန်းနှစ်ခုကြားရှိ လွင်ပြင်ချိုင့်ဝှမ်း နေရာတွင်  အင်းလေးကန်သည်  တည်ရှိနေသည်။ မြန်မာနိုင်ငံ၏   ဒုတိယအကြီးဆုံး  ကုန်းမြင့်ပိုင်း သဘာဝရေချိုကန်    ဖြစ်သည်။   အင်းလေးကန် ဝန်းကျင်တွင် သစ်တောဂေဟစနစ်၊ ရေဝေရေလဲ ဒေသနှင့် သဘာဝနယ်မြေအတွင်း သဘာဝရေထွက် စမ်းများ၊    ရေပူရေထွက်စမ်းများကို တွေ့ရှိနိုင်ပြီး ထိုဂေဟစနစ်ကို တည်မှီနေသည့် ကုန်းနေ၊ ရေနေ သားငှက်တိရစ္ဆာန် မျိုးစိတ်များစွာ တည်ရှိနေသည်။

 


ဝန်းကျင်ဂေဟစနစ်   စုံလင်ပြီး  ဇီဝမျိုးစုံမျိုးကွဲ များစွာတည်ရှိနေသည့်အတွက်   နိုင်ငံ၏   သဘာဝ အမွေအနှစ်တစ်ခုအဖြစ် ရေရှည်ထိန်းသိမ်းသွားနိုင် ရန် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ်   သတ်မှတ်၍   သစ်တောဦးစီးဌာနသည် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်း ရေးဌာန    အုပ်ချုပ်ရေးမှူးရုံးကို   ဖွင့်လှစ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ရေဝပ်ဒေသကြီး သုံးခုဖြင့် ဖွဲ့စည်းထား


အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော နယ်မြေကို အင်းလေးကန်၊ စံကားအင်းနှင့် မိုးဗြဲ ဆည် ရေဝပ်ဒေသကြီး သုံးခုဖြင့် ဖွဲ့စည်းထားသည်။ အင်းလေးကန်ဘေးမဲ့တော  နယ်မြေအတွင်းရှိ ရေဝပ် ဒေသဂေဟစနစ်ကို ထိန်းသိမ်းရန်၊ အင်းလေးကန် ၏ ထူးခြားသော ဘူမိအသွင်အပြင်နှင့် ကုန်းမြင့် ရေကန်၏ သဘာဝအလှအပများကို ထိန်းသိမ်း ကာကွယ်ရန်၊  ရေပျော်ငှက်များနှင့်  ရေတိမ်ဒေသနေ တောရိုင်းတိရစ္ဆာန်များ၏  နေထိုင်ကျက်စားမျိုးပွား ရာများကို   ထိန်းသိမ်းရန်၊   လောပိတရေအား လျှပ်စစ်စက်ရုံအတွက်     ရေအရင်းအမြစ်များ  ထောက်ပံ့နိုင်ရန်၊  ပြည်သူများ  အပန်းဖြေအနားယူ နိုင်ရန်နှင့်  သဘာဝဝန်းကျင်  ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေးရန်စသည့်   ရည်ရွယ်ချက်များဖြင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို တည်ထောင်ထားခြင်းဖြစ်သည်။   ဘေးမဲ့တော၏ နယ်မြေအကျယ်အဝန်းမှာ ၂၀၆ ဒသမ ၀၇ စတုရန်းမိုင်ဖြစ်သည်။ 

 


မြန်မာနိုင်ငံ၏ ပထမဆုံးသော ဇီဝအဝန်းနယ်မြေ

 

သဘာဝအရင်းအမြစ်များစွာ တည်ရှိနေသည့် အတွက်    အင်းလေးကန်ကို   အာဆီယံအမွေအနှစ် ဥယျာဉ်များထဲမှ တစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခြင်း ခံရသည်။  မြန်မာနိုင်ငံ၏ ပထမဆုံး သော    ဇီဝအဝန်းနယ်မြေအဖြစ်   ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားနှင့်          ဇီဝအဝန်းနယ်မြေ    အစီအစဉ် အပြည်ပြည်ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ၂၀၁၅ ခုနှစ်တွင် အတည်ပြု သတ်မှတ် ခဲ့သည်။ ထို့အတူ ၂၀၁၈  ခုနှစ်တွင်  ရမ်ဆာရေဝပ် ဒေသအဖြစ်၊   ၂၀၂၀   ပြည့်နှစ်တွင်   အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ   လမ်းကြောင်းအဖြစ် သတ်မှတ်ခြင်းခံရသည့် သဘာဝအမွေအနှစ်ဒေသ တစ်ခု ဖြစ်လာသည်။

 


ထိန်းသိမ်းရေးလုပ်ငန်းများ


ထိုကဲ့သို့ နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းသင့်သည့် ဝန်းကျင်ဒေသတစ်ခုဖြစ်သည့် အတွက် သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်          ထိန်းသိမ်းရေးဌာနသည် အင်းလေးကန်    တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝနယ်မြေအတွင်း  တောရိုင်းတိရစ္ဆာန်များ အတွက်   နေရင်းဒေသပြန်လည်တည်ထောင်ခြင်း စီမံကိန်း (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) ၁၀ နှစ်စီမံချက်၊   အင်းလေးကန်   ရေဝေရေလဲဒေသ ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း (၂၀၂၀-၂၀၂၁ မှ ၂၀၃၀-၂၀၃၁ အထိ )တို့ကို ရေးဆွဲကာ ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

 


“ကျွန်တော်တို့   ဌာနအနေနဲ့    အင်းလေးကန် အတွင်းမှာ   ငှက်ကြည့်စင်စခန်း၊   ထိန်းသိမ်းရေး ကင်းစခန်းနဲ့    အင်းလေးကန်   ဇီဝအဝန်းနယ်မြေ လူထုပညာပေးပြခန်းကို      ညောင်ရွှေမြို့အဝင်ရှိ  ရွှေရန်ပြေမှာနဲ့ နန်းသဲကင်းစခန်းကို  နန့်လတ် ချောင်းနံဘေးရှိ   နန့်သဲကျေးရွာမှာ ထားရှိပြီးတော့ ပညာပေးလုပ်ငန်းတွေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု သစ်တောဦးစီး ဌာန   သဘာဝဝန်းကျင်နှင့်  သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန   အင်းလေးကန်   တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 


အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ  သစ်တောဦးစီးဌာန ဝန်ထမ်းများသည် ကန်အတွင်း နှင့် ဆက်စပ်ဧရိယာများတွင် တရားမဝင်လုပ်ငန်း များ လျော့နည်းပပျောက်စေရန်နှင့် တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း မရှိစေရန်၊ သတ်မှတ် ထားသည့်  စည်းကမ်းများအား  လိုက်နာစေရန် ကင်းလှည့်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ကျေးရွာရှိ ကျောင်းများနှင့် ဒေသခံပြည်သူများအား ထိန်းသိမ်း ရေးနှင့် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်  ပညာပေးဟောပြောခြင်း၊ ဘေးမဲ့တောအတွင်း      မျိုးစိတ်များတိုးပွားမှု၊ လျော့နည်းမှုနှင့်   ပျံ့နှံ့ကျက်စားမှု   စောင့်ကြည့် လေ့လာခြင်း   စသည့်လုပ်ငန်းများကို   ဆောင်ရွက် လျက်ရှိသည်။

 


တောရိုင်း တည်ထောင်ခြင်း


ထို့အတူ ကန်ပတ်ဝန်းကျင်တွင် ပေါက်ရောက် နေသော အပင်စာရင်းကောက်ယူခြင်း၊ ငါးမျိုးစိတ် စာရင်းကောက်ယူခြင်း၊     ရေအတိမ်အနက်နှင့် အရည်အသွေးတိုင်းတာခြင်းစသည့်   တောရိုင်း တိရစ္ဆာန်များအတွက်    နေရင်းဒေသ    ပြန်လည် တည်ထောင်ခြင်းလုပ်ငန်းများကို    နှစ်အလိုက် လုပ်ငန်းလျာထားချက်များ    ချမှတ်၍    အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 


စဉ်ဆက်မပြတ်    ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  အင်းလေးကန်  တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင်   ရေမဲ(မိုးမခ)၊   သပြေ၊ ရေထိန်၊  ညောင်၊  ကံတက်၊  ပေါက်၊  ကသစ်၊   စစ်၊ ရေသင်းဝင်၊  လက်ပံ၊  ဒီးဒူး၊  မအူ၊  ဘိုင်၊  ကတွတ်၊ သဖန်း၊ သဘာလဲ စသည့် သစ်မျိုး ၁၀၈ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ ဆေးဘက်ဝင်အပင် ၅၂၇ မျိုး၊ ရေမှော် ၁၂  မျိုးနှင့်   သစ်ခွမျိုးစိတ်  ၁၈၄  မျိုး  ရှင်သန်ပေါက် ရောက်လျက်ရှိကြောင်း      သစ်တောဦးစီးဌာန၏ သုတေသနပြု စာရင်းများအရ သိရသည်။

 


“အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်း  နို့တိုက်သတ္တဝါမျိုးစိတ် ၂၆မျိုး၊ သစ်တော ငှက် ၂၆၅ မျိုး၊ ရေပျော်ငှက် ၉၅ မျိုး၊ ကုန်းနေရေနေ မျိုးစိတ် ၂၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၆၀ နှင့် လိပ်မျိုးစိတ် သုံးမျိုးကို သုတေသနပြု   မှတ်တမ်းတင်နိုင်ခဲ့တယ်”    ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 


သစ်တောဦးစီးဌာနအနေဖြင့်    ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အင်းလေးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများ၊ ၎င်းတို့အတွင်းရှိ  ဇီဝမျိုးစုံ မျိုးကွဲများ၊ ရေဝပ်ဒေသ  ဂေဟစနစ်များ  ရေရှည် တည်တံ့စေရေး ထိန်းသိမ်းရန်၊ အင်းလေးကန်၏ ရေဝေရေလဲဒေသများရှိ     ရှင်သန်ကျက်စားသော   ဇီဝမျိုးစုံမျိုးကွဲများနှင့်      သစ်တောဂေဟစနစ်များကို ထိန်းသိမ်းရန်၊ သစ်တောနှင့် ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း၊   အကျိုးရှိစွာ  အသုံးပြုခြင်းနှင့် ပြန်လည် တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့်    ရာသီဥတုပြောင်းလဲမှု   လျော့ပါးလာ စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

 


“ကျွန်တော်တို့   ဌာနအနေနဲ့   ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လူသားနဲ့ ဇီဝ အဝန်းနယ်ဆိုတာကို   အခြေပြု ဆောင်ရွက်ရတယ်။ အင်းလေးဒေသမှာ ထိန်းသိမ်းရမယ့် ရိုးရာဓလေ့နဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းရှိတဲ့ ဇီဝအဝန်း နယ်မြေ ဖြစ်တယ်။ ဒါကြောင့် ရိုးရာဓလေ့ တည်ရှိနေ ဖို့၊ ဒေသခံတွေအတွက်   သဘာဝအခြေခံ  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့    လုပ်ဆောင်တာတွေကို   ဇီဝ ဝန်းကျင်ထိန်းသိမ်းရေးနဲ့    ချိန်ညှိဆောင်ရွက်ရ တယ်။ ဒီလို ဆက်စပ် တည်ရှိနေတာကို ဒေသခံတွေ နားလည်ပြီး    ထိန်းသိမ်းရေးလုပ်ငန်းမှာ   ပါဝင်ဖို့ ကြိုးပမ်းဖော်ဆောင်ရပါတယ်”  ဟု  အင်းလေးကန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ဆိုသည်။

 


ကျေးရွာလူမှုရေး     အသင်းအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန်၊ ရေလုပ်သားအဖွဲ့က အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်၊ ပြည်တွင်း၊ ပြည်ပဧည့်သည်များ သဘာဝဂေဟစနစ် များကို  လေ့လာ၍   အပန်းဖြေအနားယူနိုင်ရန်၊ ဒေသခံများ၏ လူနေမှုဘဝများကို  လေ့လာနိုင်ရန် အတွက်ပါ  သစ်တောဦးစီးဌာနအနေဖြင့်  ကြိုးပမ်း ဖော်ဆောင်လျက်ရှိသည်။

 


ရေဝေရေလဲဒေသ ထိန်းသိမ်းရေးစီမံကိန်း


“မြစ်ချောင်းအင်းအိုင်နဲ့     ရေဝေရေလဲဒေသ ဆိုတာ ဆက်စပ်နေတယ်။ အင်းလေးကန်  ဂေဟ စနစ် ထိန်းသိမ်းနိုင်ဖို့အတွက် ရေဝေရေလဲဒေသကို ထိန်းသိမ်းကာကွယ်ရမှာ   ဖြစ်ပါတယ်။  ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့    အင်းလေးကန်    ရေဝေ ရေလဲဒေသ     ထိန်းသိမ်းရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

 


သစ်တောဦးစီးဌာနအနေဖြင့်   အင်းလေးကန် ရေဝေရေလဲ   ထိန်းသိမ်းရေးစီမံကိန်းကို  ၂၀၂၀ ပြည့်နှစ်မှ  စတင်ကာ ၁၀ နှစ်ကာလ သတ်မှတ်၍ စီမံကိန်းဧရိယာ  ဇုန်လေးခု   သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။ ညောင်ရွှေမြို့နယ်ကို  ဇုန် (၁)အဖြစ် လည်းကောင်း၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့ကို ဇုန်(၂) အဖြစ်လည်းကောင်း၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်နှင့်   ရပ်စောက်မြို့နယ် တို့ကို ဇုန်(၃)  အဖြစ်လည်းကောင်း၊   တောင်ကြီး မြို့နယ်၊  ဟိုပုံးမြို့နယ်နှင့်     ဆီဆိုင်မြို့နယ်တို့ကို ဇုန်(၄) အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။

 


အင်းလေးကန်ရေဝေရေလဲဒေသများ ထိန်းသိမ်း ကာကွယ်နိုင်ရန်အတွက်      သစ်တောဦးစီးဌာန အနေဖြင့်   ရေဝေရေလဲဂေဟစနစ်များ    ရေရှည် တည်တံ့စေခြင်း၊    သစ်ပင်စိုက်ပျိုးခြင်း၊  ရေနှင့် မြေဆီလွှာကာကွယ်ထိန်းသိမ်းခြင်း၊ တိုးချဲ့ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သားငှက်တိရစ္ဆာန် များ   ကာကွယ်ထိန်းသိမ်းခြင်း၊    သုတေသနပြု လုပ်ခြင်းစသည့် အဓိကလုပ်ငန်းကြီး ခြောက်မျိုးကို လုပ်ဆောင်နေသည်။ 

 


ထို့အတူ    အင်းလေးကန်    ပတ်ဝန်းကျင်ရှိ ဒေသခံများအား   စနစ်ကျသော   အမှိုက်စွန့်ပစ်မှု၊ အညစ်အကြေး   စွန့်ပစ်မှုစနစ်   (မိလ္လာစနစ်)များ ဖြစ်လာရေး၊   သဘာဝအခြေခံ  ခရီးသွားလုပ်ငန်း စတင်     အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ အင်းလေးကန်   သဘာဝလယ်ယာသီးနှံ   စိုက်ပျိုးရေး လုပ်ငန်းများ   ဖော်ဆောင်နိုင်ရေး၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးလာစေ ရေး၊   ရေလုပ်သားများအတွက်   စဉ်ဆက်မပြတ် ငါးသယံဇာတများ     ထုတ်ယူသုံးစွဲနိုင်ရေးစသည့် လုပ်ငန်းများကို    ဆက်စပ်ဌာနများနှင့်   သစ်တော ဦးစီးဌာန ပူးပေါင်း၍ ဒေသခံများနှင့်အတူ အကောင် အထည်ဖော်လျက်ရှိသည်။

 


အင်းလေးကန်သည်   နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းသင့်သည့် ဇီဝဝန်းကျင် ဆိုင်ရာ အမွေအနှစ်အဖြစ်ပါ တည်ရှိနေသည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့်         ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို        တစ်ဖက်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့      တစ်ဖက်မှလည်း  ဒေသခံများအနေဖြင့်   ဂေဟစနစ်ကို    မှီတည်ပြီး အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ရေရှည် အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းရေး အသိပညာမြင့်မားလာစေရန်       ကြိုးပမ်းဖော် ဆောင်လျက်ရှိသည်။  သို့ဖြစ်၍  မြန်မာ့အမွေ၊ ကမ္ဘာ့အမွေအဖြစ် တည်ရှိနေသည့်  အင်းလေးကန် ဝန်းကျင်ဒေသ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး အသိပညာများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း   တင်ပြရေးသား    လိုက်ရ ပါသည်။      ။