မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များလူမှုကူညီရေးအဖွဲ့ ပူဇော်ပွဲကျင်းပရန် စည်းဝေး

 

ရန်ကုန်   အောက်တိုဘာ  ၁၃


မြန်မာ့အလင်းသတင်းစာ    မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့ဝင်အသက် ၇၅ နှစ်နှင့်အထက် သက်ကြီး သတင်းထောက်ကြီးများအား ပဉ္စမအကြိမ်မြောက်ကန်‌တော့ပွဲ ကျင်းပနိုင်ရေးနှင့်  စုံညီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို      အောက်တိုဘာ ၁၁ ရက်က   အလုံမြို့နယ်   ကမ်းနားလမ်းရှိ   ရွှေမြို့တော် စားသောက်ဆိုင်(နယူးဒေလီ)ခန်းမ၌ ပြုလုပ်ခဲ့သည်။

 


ရှေးဦးစွာ   အဖွဲ့နာယက    ဦးသန်းမောင်(ရန်ကင်း)က အမှာစကားပြောကြားပြီး   ဒုတိယဥက္ကဋ္ဌ     ဦးသန်းဝင်း (သန်လျင်) က ပဉ္စမအကြိမ် မြောက် သက်ကြီးပူဇော်ပွဲကျင်းပ နိုင်ရေးနှင့်  နှစ်ပတ်လည်  စုံညီအစည်းအဝေးကျင်းနိုင်ရေး အတွက် တင်ပြခဲ့သည်။

 


ထို့နောက်အတွင်းရေးမှူး ဦးတင်ဝင်း(ကြည့်မြင်တိုင်)က ငွေစာရင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို  တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။

 


ပဉ္စမအကြိမ်မြောက်ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည် စုံညီအစည်းအဝေးကို   နိုဝင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့)နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ပြီး  ကျင်းပမည့်နေရာကို ထပ်မံကြေညာပေးမည်ဖြစ်သည်။ ယခုနှစ်တွင် အသက် ၁၀၃ နှစ်ရှိ သတင်းထောက်ကြီးတစ်ဦးအပါအဝင် အသက် ၇၅ နှစ် နှင့်အထက် သတင်းထောက်ကြီး ၁၇ ဦးတို့ကို ကန်တော့မည် ဖြစ်သည်။

 


  ကန်တော့ပွဲကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ်မှ သတင်းထောက်  ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး)  က  အသက်အကြီးဆုံး  ကန်တော့ခံ  သတင်းထောက်ကြီးအား  ငွေကျပ် ၁၀၀၀၀၀ နှင့်  ကျန် ကန်တော့ခံတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀   စီဖြင့်   စုစုပေါင်းငွေကျပ် ၅၈၀၀၀၀ ကို ပေးလှူထား ပြီး အစည်းအဝေး၌ သူဇာနွယ်(ဖျာပုံ)က ငွေကျပ် ၁၀၀၀၀၀၊ ဦးသန်းမောင်(ရန်ကင်း)နှင့် ဦးဟန်သိန်း(ဟန်သိန်း-သဇ္ဇန)တို့က ငွေကျပ် ၅၀၀၀၀ နှင့် ဦးအောင်စိုး(အလုံ)က ငွေကျပ် ၂၀၀၀၀ တို့ကိုလှူဒါန်းပေးခဲ့ကြသည်။

 


ကန်တော့ပွဲအတွက်    ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း (သန်လျင်) ဖုန်း- ၀၉ ၂၅၀၂၆၆၆၀၉ နှင့် အတွင်းရေးမှူး ဦးတင်ဝင်း (ကြည့်မြင်တိုင်) ၀၉-၇၇၇၆၄၂ ၆၉၉ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း  သိရသည်။                                    
ကိုကြီးတင်