
နေပြည်တော် ဇူလိုင် ၈
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံ လုပ်ငန်း၏ အာမခံ Product များကို Website၊ Mobile Application များမှတစ်ဆင့် Online/Mobile Payment ဖြင့် ဝယ်ယူနိုင်မည့်စနစ် စတင်မိတ်ဆက် သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) ဆဋ္ဌမ ထပ် အစည်းအဝေးခန်းမ၌ Online Webinar ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့အာမခံလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်သည် အာမခံအကာ အကွယ်ရယူလိုသည့် ပြည်သူများအနေဖြင့် မိမိ ရွေးချယ်ဝယ်ယူလိုသော အာမခံ Product များကို ခေတ်နှင့်အညီ အဆင်ပြေချောမွေ့စွာ ရွေးချယ် ဝယ်ယူနိုင်ရန်နှင့် ငွေပေးချေနိုင်ရန် Digital နည်းပညာ ဖြင့် အာမခံလုပ်ငန်းများကို ပြောင်းလဲအဆင့်မြှင့် တင်ပြီး အခြားပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် တန်းတူ စျေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင် ရန် ရည်ရွယ်ထားကြောင်း၊ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ပထမနှစ်ပြီးမြောက် သည့်အခါ သူတစ်ပါး ထိခိုက်မှုအာမခံနှင့် ခရီးသွား အာမခံအမျိုးအစား နှစ်မျိုးကို မြန်မာ့အာမခံလုပ်ငန်း Website နှင့် Mobile App တို့မှတစ်ဆင့် ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာမခံထားရှိသူများ လူကိုယ်တိုင် လာရောက်၍ ပရီမီယံပေးချေရန်မလိုအပ်ဘဲ Online/ Mobile Payment များဖြင့် ငွေပေးချေခြင်းများကို အဆင်ပြေချောမွေ့စွာ ပေးချေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက နှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၏ Corporate Video ကို ပြသသည်။
ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website၊ Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် စတင်ဝယ်ယူနိုင်မည့် မိတ်ဆက်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်သည်။
မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းကို စတင်ဆောင်ရွက်ကာ နောက်ပိုင်းတွင် အသက်နှင့်အထွေထွေ အာမခံနှစ်မျိုးလုံး လက်ခံ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် အာမခံအမျိုး အစားများအနေဖြင့် အသက်အာမခံအမျိုးအစား ၁၉ မျိုး၊ အထွေထွေအာမခံအမျိုးအစား ၂၂ မျိုး လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်