မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Online/ Mobile Payment ဖြင့် ဝယ်ယူနိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၈


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment ဖြင့် ဝယ်ယူနိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) ဆဋ္ဌမထပ် အစည်း အဝေးခန်းမ၌ Online Webinar ဖြင့် ကျင်းပသည်။


အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့အာမခံ လုပ်ငန်းမှ  အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် အစီအစဉ်သည်  အာမခံအကာအကွယ်ရယူလို သည့် ပြည်သူများအနေဖြင့် မိမိရွေးချယ်   ဝယ်ယူလို သော   အာမခံ Product များကို   ခေတ်နှင့်အညီ အဆင်ပြေချောမွေ့စွာ    ရွေးချယ်ဝယ်ယူနိုင်ရန်နှင့် ငွေပေးချေနိုင်ရန် Digital နည်းပညာဖြင့်   အာမခံ လုပ်ငန်းများကို ပြောင်းလဲအဆင့်မြှင့်တင်ပြီး အခြား ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် တန်းတူ စျေးကွက် အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန်   ရည်ရွယ်ထား ကြောင်း၊ စီမံကိန်းကို ၂၀၁၉- ၂၀၂၀   ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး ပထမနှစ်ပြီးမြောက်သည့်အခါ  သူတစ်ပါး ထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံအမျိုးအစား (၂) မျိုးကို မြန်မာ့အာမခံလုပ်ငန်း Website နှင့် Mobile App တို့မှတစ်ဆင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ယခု အချိန်တွင်   ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့်   အာမခံ ထားရှိသူများ လူကိုယ်တိုင်လာရောက်၍ ပရီမီယံ ပေးချေရန်မလိုအပ်ဘဲ Online/ Mobile Payment များဖြင့် ငွေပေးချေခြင်းများကို အဆင်ပြေချောမွေ့စွာ ပေးချေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


Corporate Video ကို ပြသ 


ထို့နောက်  မြန်မာ့အာမခံလုပ်ငန်း     ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး    မြန်မာ့အာမခံလုပ်ငန်း၏ Corporate Video ကို ပြသသည်။ 


အခမ်းအနားဖွင့်လှစ်


ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် စတင်ဝယ်ယူနိုင်မည့် မိတ်ဆက်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့သည်။


အာမခံအမျိုးအစား ၂၂ မျိုး လက်ခံ


မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်ကတည်း က စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ကာ နောက်ပိုင်းတွင်  အသက်နှင့် အထွေထွေ  အာမခံနှစ်မျိုးလုံး လက်ခံဆောင်ရွက် ခဲ့ကြောင်း၊ လက်ရှိတွင် အာမခံအမျိုးအစားများအနေ ဖြင့် အသက်အာမခံ အမျိုးအစား ၁၉ မျိုး၊ အထွေထွေ အာမခံအမျိုးအစား ၂၂ မျိုး လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                        

သတင်းစဉ်