
နေပြည်တော် ဇူလိုင် ၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ - ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ် ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(ဗထူး) ရှိ မီတာ ၆၀၀ အာဆီယံ စက်ပစ်ကွင်း၌ ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံ ရုရှားတပ်မတော် သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလံတော်အဖွဲ့က မြန်မာ - ရုရှား နှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ကာ နှစ်နိုင်ငံအလံအား လွှင့်ထူပြီး အလေးပြုကြကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများသည် သေနတ် ပစ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ စက်ပစ်ကွင်း အတွင်း နေရာယူကြပြီး ဒုတိယတပ်မတော် လေ့ကျင့် ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ် ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ်ပြိုင်ပွဲတွင် အသင်းလိုက်ပစ်ခတ်စဉ်များ၊ တစ်ဦးချင်း ပစ်ခတ်စဉ် များဖြင့် ပြိုင်ပွဲအမျိုးအစားအလိုက် သုံးရက်ကြာ ယှဉ်ပြိုင်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်း အနားကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိ ကြသူများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ကြပြီး ဒုတိယတပ်မတော်လေ့ကျင့် ရေးအရာရှိချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံအလံအား အလံတော်အဖွဲ့က အလံချ အခမ်းအနားပြုလုပ်ပြီး ပြိုင်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှုပိုမို ရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ် အားကစားနည်း စနစ်ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ် ပစ်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ရုရှား သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ ရောက်ရှိစဉ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ဗထူး စမ်းနှင့် ရပ်စောက်မြို့မဈေးသို့ သွားရောက်လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်