
နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။ အစည်း အဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စတာကင်မ်ဂွန်းတို့က ဦးဆောင်ကျင်းပကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ ကိုရီးယားသမ္မတ နိုင်ငံ၏ ပံ့ပိုးနေမှုအခြေအနေ၊ ရခိုင် ပြည်နယ်အခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ မျက်နှာစာတို့၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ် တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ ၏ New Southern Policy Plus အရ အာဆီယံနိုင်ငံများနှင့် ကိုရီးယား သမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စနှင့် Employment Permit System (EPS) စနစ်ဖြင့် မြန်မာလုပ်သားများ ကိုရီး ယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စတာကင်မ်ဂွန်းနှင့် ကိုယ်စားလှယ်အဖွဲ့အား Park Royal Hotel ၌ အလုပ်သဘော ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်