ရန်ကုန် ဩဂုတ် ၂၇
၂၀၂၄ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ် သည့် ပွဲစဉ် (၁၃) ပထမနေ့ကို ဩဂုတ် ၂၇ ရက်က ကျင်းပရာ အား/ကာသိပ္ပံ၊ သစ္စာအားမာန်နှင့် ဒဂုံစတားအသင်း အနိုင်ရရှိပြီး ရာသီဝက် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာ အားမာန်အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည် ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရရှိပြီး အဆင့်ခြောက် နေရာ တက်လှမ်းခဲ့သည်။ သစ္စာအားမာန် အသင်းအတွက် အနိုင်ဂိုးများကို ၆၁ မိနစ်တွင် ထက်ဇေယျာမင်းနှင့် မိနစ် ၉၀ တွင် ဇင်ဖြိုးပိုင် တို့က သွင်းယူခဲ့သည်။ ဟံသာဝတီအသင်းမှာမူ ရှုံးပွဲထပ်မံကြုံတွေ့ပြီး ဇယားအောက်ပိုင်းမှ ရုန်းထွက်နိုင်ခြင်း မရှိ သေးပေ။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာ သိပ္ပံ အသင်းက ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် ထိပ်ဆုံးမှ ရှမ်းယူနိုက်တက်နှင့် သုံးမှတ်အကွာသို့ ရောက်ရှိလာသည်။ ယခုပွဲ မတိုင်မီ ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ၃၁ မိနစ်တွင် ထက်မြတ်လွင်က ရှမ်းယူ နိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူသော်လည်း အား/ကာ သိပ္ပံအသင်းအတွက် ၅၁ မိနစ်တွင် ရှိုင်းကိုကိုဇော်က ချေပဂိုးနှင့် ၅၈မိနစ် တွင် နေဒွန်းက အနိုင်ဂိုးသွင်းယူခဲ့သည်။ စလင်းကွင်း၌ ကျင်းပသည့်ပွဲ တွင် ဒဂုံစတားယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ၄၂ မိနစ်တွင် ဖြိုးခန့်ငြိမ်းက ဒဂုံစတားအသင်း အတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း နှစ်မိနစ်အကြာတွင် ဘရန် ဒွန်းလီက ရတနာပုံအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ဒဂုံစတား အသင်းအတွက် အနိုင်ဂိုးကို ၉၀+၃ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မင်းခန့်ကျော်က သွင်းယူခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ- MNL