မနက်ဖြန်အတွက် လှလက်ဆောင် ကဗျာရှင် (နောင်) သို့မဟုတ် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးမောင်မောင်လတ်

Type
5

 

စိုးနိုင်ထွန်း (စာပေဗိမာန်)

 

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့်  စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို      ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်   မိုးကောင်းလမ်းရှိ  မြဝတီမီဒီယာ စင်တာ၌ ၂ဝ၂၁ ခုနှစ်  ဒီဇင်ဘာ ၄ ရက်  (၁၃၈၃ ခုနှစ်   နတ်တော်လဆန်း  ၁  ရက်၊   စာဆိုတော်နေ့)တွင် ကျင်းပခဲ့ပါသည်။  ဆုချီးမြှင့်ပွဲသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

 


၂ဝဝ၁ ခုနှစ်မှ စတင်၍ အမျိုးသားစာပေဆုအပြင် ဘဝတစ်သက်တာလုံး စာပေဖြင့်     နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော စာပေပညာရှင်တို့ကို ချီးမြှင့်ခဲ့သည်မှာ ယခုဆိုလျှင် တစ်သက်တာစာပေဆုရှင်   ဆရာကြီး    ဆရာမကြီး ၃၄  ဦးပင်  ရှိခဲ့ပြီဖြစ်သည်။  ဤကဲ့သို့  နိုင်ငံတော် အစိုးရက  စာပေပညာရှင်   ဆရာကြီး  ဆရာမကြီး တို့ကို ချီးမြှင့်ခြင်း၊ ပူဇော်ခြင်းသည် “ပူဇာစ ပူဇနေ ယျာနံ” ပူဇော်ထိုက်သူကို ပူဇော်ခြင်းတည်းဟူသော မင်္ဂလာတရားတော်နှင့်အညီ    ပြုလုပ်ခြင်းပင်ဖြစ် သည့်အတွက်     မင်္ဂလာရှိသော    အလုပ်ဖြစ်ပေ သည်။

 


၂၀၂၀ ပြည့်နှစ်အတွက်     အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ်   ဦးမောင်မောင်လတ် (နောင်)၊ ဦးစိန်လှိုင် (သူရဇော်) နှင့် ဒေါ်ချိုချိုတင် (မစန္ဒာ) တို့ကို အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေးကော်မတီက     သတ်မှတ်ရွေးချယ်ခဲ့ကြသည်။ ယခုဆောင်းပါးတွင် ဆရာကြီးဦးမောင်မောင်လတ် (နောင်)၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြပေးသွား မည်ဖြစ်ပါသည်။
တစ်သက်တာစာပေဆုရှင် ဆရာကြီး ဦးမောင် မောင်လတ်ကို     ကဗျာဆရာနောင်ဟု   လူသိများ သကဲ့သို့      တေးရေး    မောင်မောင်လတ်အဖြစ်လည်း ဂီတလောကတွင် မသိသူ မရှိသလောက် ထင်ရှား ကျော်ကြားသည့် ဆရာကြီးဖြစ်သည်။ ယနေ့ ၂၁ ရာစု ပညာခေတ်၌    နည်းပညာများအဆင့်မြင့်လာ သည်နှင့်အမျှ     အင်တာနက်စွယ်စုံကျမ်းကြီးဟု တင်စားရလောက်သည့် Wikipedia တွင် ဆရာကြီး ၏အမည်ကို ရိုက်၍ရှာကြည့်ပါက မောင်မောင်လတ် (တေးရေး) ဟု ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ် သည်။ အမှန်အားဖြင့် ဆရာကြီးသည် တေးရေး သာမက   စာပေရေးရာ   အထူးသဖြင့်   ကဗျာ၌လည်း အထူးနာမည်ကျော်၍   ထူးချွန်သည့်   ပုဂ္ဂိုလ်ကြီး ပင်ဖြစ်ပါသည်။

 


“နှင်းကိုမြင်ခိုက်” ကဗျာနှင့် ဦးမောင်မောင်လတ်


ကျွန်ုပ်တို့ငယ်စဉ်က     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ     ပညာရေးဝန်ကြီးဌာန မြန်မာကဗျာလက်ရွေးစင်  ဒသမတန်း၌ပါရှိသည့်သင်ရိုးညွှန်းတမ်းများတွင် ဆရာကြီး ဦးမောင်မောင် လတ် (ကဗျာဆရာ နောင်) ၏ -


        “နှင်းကိုမြင်၍
        သဇင်ပွင့်ဦး၊ သူ ကြည်နူးစဉ်
        ရယ်မြူးရွှင်ပျ၊ နှမ နှင့် မောင်
        ညီနောင်သားချင်း၊  လက်တွဲရင်းနှင့်
        ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ
        ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မှာ
        ကာလကြာလေ၊    စည်းရုံးလေတည့်။” ဟု      အစချီသည့်     “နှင်းကိုမြင်ခိုက်”   ကဗျာကို သင်ကြားခဲ့ရသည်။ နှင်းကိုမြင်ခိုက်ကဗျာသည် နှင်း များကျချိန်၊       သဇင်ပွင့်ချိန်ဖြစ်သောကြောင့် ဆောင်းရာသီကာလကို  ညွှန်းဆိုထားပြီး တိုင်းရင်း သားညီနောင်အများတို့   ချစ်ခင်ခြင်း၊   ယုံကြည်ခြင်း၊ စည်းလုံးခြင်းတို့ဖြင့် ခေတ်အဆက်ဆက် အတူတကွ လက်တွဲကာဖြင့်    နေထိုင်လာကြသည်။    ယင်းသို့ စည်းလုံးညီညွတ်စွာနေထိုင်သော   သာယာလှသည့် အမိမြန်မာနိုင်ငံတော်၏  မြေပြန့်၊  တောင်ကုန်းနှင့် မြစ်ကြီး၊ မြစ်ငယ်အသွယ်သွယ်တို့သည် ရှေးရှေး ပဝေသဏီက အဘိုး၊ အဘွားတို့၏ အသက်၊ သွေး၊ ချွေးတို့ စတေး၍ ပေးထားသော အမွေအနှစ်လည်း ဖြစ်သည်။

 


ထို့ကြောင့်  နှစ်ပေါင်းကြာရှည်စွာနေလာသော ကိုယ့်နိုင်ငံ၊   ကိုယ့်နေရာကို   ဖျာတစ်ကွက်၊   တစ် လက်မပင်ဖြစ်ပါစေ  တသနှမြော  စုံမက်မောလှ သည်။ ထို့ပြင် ဤသို့အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်လာကြသော  ကျွန်ုပ်တို့ညီနောင်သားချင်းတို့ သည် စည်းလုံးခြင်း၊ တရားမျှတခြင်းနှင့် လွတ်လပ် ခြင်းတို့ကိုလည်း         ပိုင်ဆိုင်ထားကြသည့်အဖြစ်ကို ဆရာကြီးက ရေးဖွဲ့ထားသည်။

 


ဆရာကြီးသည် ကိုလိုနီခေတ်နှောင်းပိုင်းတွင် မွေးဖွားခဲ့သူဖြစ်သောကြောင့်     မိမိတိုင်းပြည်အပေါ် လူမျိုးခြား တိုင်းတစ်ပါးသားတို့၏ ဖိနှိပ်ချုပ်ချယ် မှုကို မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့မြင်ခဲ့ရသူဖြစ် သည်။  ထို့ပြင် ဒုတိယကမ္ဘာစစ်ကာလ (၁၉၃၉-၁၉၄၅) ခုနှစ်များတွင်   ကမ္ဘာမှာရော   မြန်မာနိုင်ငံ တွင်ပါ  ကြုံတွေ့ခဲ့ရသော  ကာလဝိပ္ပတ္တိဖြစ်သည့် ခေတ်ဆိုး၊     စနစ်ဆိုး    ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးတို့ကိုလည်း အန်တုကျော်လွှား ခဲ့ရသူဖြစ်သည်။ ဤကဲ့သို့ အကျပ်အတည်း၊ အခက် အခဲတို့ကို     ရင်ဆိုင်ကျော်လွှားပြီး     ၁၉၄၈   ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် တိုင်းတစ်ပါးသားတို့ ဖိနှိပ် ချုပ်ချယ်မှု    ကျွန်သပေါက်ဘဝမှ    ကိုယ့်လူမျိုးက ကိုယ့်ဥပဒေဖြင့်   စီမံကွပ်ကဲသည့်   အချုပ်အခြာ အာဏာပိုင်နိုင်ငံ၏ အရသာကို ကောင်းကောင်းသိခဲ့၊ ခံစားခဲ့ရသူဖြစ်သည်။   ထို့ကြောင့်   လွတ်လပ်ရေးရ သည့်     ဇန်နဝါရီလ ၄ ရက်    သဇင်ပန်းပွင့်ချိန် ဆောင်းဦးကာလ၌  ဖြစ်ပြီးခဲ့သည့် အတိတ်ဇာတ် ကြောင်းများကို        ပြန်ပြောင်းတွေးတော၍ လည်းကောင်း၊ ဖြစ်ဆဲဧကန်ပစ္စုပ္ပန်ကာလဖြစ်သည့် လွတ်လပ်ရေးနေ့အပေါ်   ပီတိမနောရွှင်ကြည်နှော၍လည်းကောင်း၊ အနာဂတ်၌လည်း ကိုယ့်မင်းကိုယ့် ချင်း၊ ကိုယ့်လူမျိုးတို့ လွတ်လပ်သော အမိနိုင်ငံကို အားအင်အပြည့်ဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ   စွမ်းဆောင်ကြတော့မည့်အဖြစ်ကို ကြည်နူးအားရ၍လည်းကောင်း     ရင်ထဲ၌   ပဲ့တင် ထပ်၍    နှလုံးသားမှတစ်ဆင့်   “နှင်းကိုမြင်ခိုက်” ကဗျာဟူ၍  ပွင့်အန်ထွက်ကျလာခြင်း ဖြစ်သည်။

 


ဆရာကြီး၏ “အစားထိုးခြင်း” ကဗျာ


လူ့လောကတွင်      စားဝတ်နေရေးဟူသည့် အရေးသုံးပါးသည် မရှိမဖြစ်လိုအပ်သည့် အကြောင်း ကိစ္စဖြစ်ပေသည်။    ယင်းစားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ   ရုန်းကန်လှုပ်ရှားရင်း   အရွယ်သုံးပါး ကို    ဖြတ်သန်းကုန်ဆုံးကြရ၏။   တချို့မှာ   အရွယ် သုံးပါးသို့မရောက်        မဆိုစလောက်ဘဝတာကို ဖြတ်သန်းကုန်ဆုံး ကြွေလွင့်ခဲ့ရသူများလည်းရှိ၏။ မည်သို့ပင်ဆိုစေ အသက်တစ်ရာမနေရ၊ အမှုတစ်ရာ တွေ့ရဆိုသကဲ့သို့   ဘဝကိုရုန်းကန်ဖြတ်သန်းရင်း သောကများ၊ ဒုက္ခများကို ရင်ဆိုင်ကြရသည်။ ဤသို့ တွေ့ကြုံရသည့် ဒုက္ခ၊ သောကများ  ရင်နှင့်မဆံ့ဖြစ် လာသည့်အခါ ရင်ဖွင့်ရန် မိမိခံစားချက်ကို ကရုဏာ စိတ်အပြည့်ဖြင့် နားထောင်သူလိုပေသည်။ လူတို့ ဖြစ်ရ ဤလောကတွင် နားထောင်ရန် နားနှစ်ဖက်နှင့် စကားပြောရန် ပါးစပ်တစ်ပေါက်သာ ပါရှိခြင်းသည် နည်းနည်းပြော၍ များများနားထောင်ရန် ဖြစ်သည်။ သို့သော်လည်း ဤသို့ပြုလုပ်ရမည်၊ ကျင့်ကြံရမည်ကို မသိကြသည်မဟုတ်   သိကြပေသည်။   သို့သော် လိုက်နာရန်ကားခက်၏၊ လူချင်းတွေ့လျှင် သူများ အကြောင်းထက်  ကိုယ့်အကြောင်း၊  ကိုယ့်မိသားစု အကြောင်းကိုသာ  ပြောလိုကြသည်က များပေ၏။ ထို့ကြောင့် သူတစ်ပါး၏ ခံစားချက်များ၊ သောကများ ကို နားလည်မှုပေး၍ ကရုဏာစိတ်ဖြင့်  ခံစားနား ထောင်ပေးနိုင်သူသည်သာ ပြည့်ဝသူဖြစ်ပေသည်။

 


ဤသို့ဆိုလျှင် ခံစားနားထောင်ပေးသူမှာလည်း ပြောသူကဲ့သို့    ဒုက္ခ၊    သောကများ မရှိမဟုတ် ရှိ ပါသည်။ သို့သော် မိမိခံစားချက်ကို ရှေ့တန်းမတင်ဘဲ အခြားသူကို   ရှေ့တန်းတင်   ခံစားပေးလိုက်ခြင်း အကျိုးဆက်ကြောင့်    မိမိ၏   သောကဝေဒနာနှင့် ဒုက္ခဝေဒနာတို့သည်လည်း ပျောက်ကင်းသက်သာမှု ကို ဆရာကြီးက “အစားထိုးခြင်း” ဟူသည့် ကဗျာ တွင်-


       “သူတို့၏ဒုက္ခ သောကများကို
    ငါ့အားပြောကြား၊ ရင်ဖွင့်သွားသည့်
    ငါ၏အပေါင်းအသင်း၊ ရောင်းရင်းများအား
    များစွာအထူး၊ ကျေးဇူးတင်မိ။
    အဘယ်ကြောင့်ဆို
    ထိုထိုပြောသွား၊ သောကများအား
    နားထောင်နေရ၊ သောကာလခိုက်
    ငါ၌ရှိနေ၊ သောကတွေကို
    မေ့နေ၊ ပျောက်နေ၊ ကင်းဝေးနေ၍” ဟု စပ်ဆိုတင်ပြထားသည်။

 


ပေါက်ကွဲခြင်း 


“ပေါက်ကွဲခြင်း” ဟူသည့် ကဗျာကို ကြည့်မည် ဆိုလျှင်လည်း   လူ့လောကတွင်    ကျွန်ုပ်တို့သည် မိမိတို့၏အတ္တ၊ မိမိတို့၏မာန၊ မိမိတို့၏ ကိုယ်ကျိုး စီးပွားကို    ထိပါးလာခြင်းမရှိသေးပါက    မိမိတို့ အတွက် အဆင်ပြေချောမွေ့ရုံသာမက ယင်းသို့ထိပါး ခံကြရသူ အခြားသူတို့အားလည်း ချိုသာကြည်အေး ပြုံးပန်းမွှေးသည့် စကားတို့နှင့်ပင် နှစ်သိမ့်နိုင်ကြ၏။ နားချနိုင်ကြ၏။
ထိုသို့မဟုတ်ဘဲ မိမိ၏အတ္တ၊ မာနနှင့် ကိုယ်ကျိုး စီးပွားတို့အပေါ်  ထိပါးလာပြီဆိုပါက မချိအောင် နာ၍ မည်သည့်တရားကိုမျှ မဆင်ခြင်နိုင်တော့ပေ။ ထို့ပြင် မိမိအပေါ် အပြုံးပန်းလေးဖြင့် နားဝင်ချို အောင် နှစ်သိမ့်နားချ တရားပြလာသူတို့ကိုလည်း ခါးခါးသီးသီး   ငြင်းပယ်လွှတ်ကာ   ဒီတရားတွေ ငါသိပြီးသားတွေ။   အပြစ်လား    ဖြစ်စမ်းပါစေဟု ပြောဆိုလွှတ်တတ်ကြပြန်၏။

 


ဤသို့ မိမိအတ္တကို ထိပါးလာပါက မချိအောင်နာ ၍ ပေါက်ကွဲလာကြသူများ၏  ပူဖောင်းလောက်မျှပင် အထိမခံ အလွယ်တကူ ငါတကောကော၍ ပေါက်ကွဲ လွယ်မှုကို ဆရာကြီး၏ကဗျာ၌ တင်ပြထားသည်မှာ- 


        ကိုယ့်မထိလျှင်၊ မသိသာဘူး
        သူတစ်ထူးကို၊ ကိုယ်ကနားချ
        နှစ်သိမ့်ရမိ၊ လှပတရား
        ပြောကြားချိုသာ၊ ရွှင်ပျစွာဖြင့်။
        ကိုယ့်ကိုထိတော့၊ မချိအောင်နာ
        ဘာမှမမြင်၊ ဆင်ခြင်နိုင်ဘူး
        လွန်ကျူးအပြစ်၊ ဖြစ်စမ်းပစေ
        လာမခြွေနှင့်၊ သွားလေတရား
        သီးခါးထင်လာ၊ အတ္တငါသိ။ 
               ဪ . . .
        ပူဖောင်းလောက်မှ
        ငါ့အတ္တသည်
        ခံနိုင်ရည်အား မကြီးမား။   ။ဟု ရေးဖွဲ့ သီကုံးထားသည်။

 


တေးရေး၊ တေးဆို မောင်မောင်လတ်


ထို့ပြင်   မောင်မောင်လတ်ဟူသော   အသံကို ကြားရုံမျှဖြင့် “မှိုင်းပြာမှုန်ဝေ x x x  တိမ်မည်း ညိုရိပ်တွေ တောင်ပြန်လေ  x x x  တပ်လှန့်နှိုး နိုးကြွလာပြီလေ x x x တဖြည်းဖြည်း လာချေပြီလေ x x x  ပင်လယ်တွေဖြတ်သန်း  x x x  ရိုးမပေါ် လွှားကျော်ကာလေ x x x သူ့ချစ်မိတ်ဆွေ x x x တို့ မြန်မာနိုင်ငံပြည် လက်ဆောင်ပါးတဲ့ မိုးပုလဲပန်းတွေ x x x ရွာပါစေလေ အေးအေးချမ်းချမ်း ရွာပါစေ” ဟူသည့် စန္ဒရားလှထွဋ် သီဆိုခဲ့သည့် တိမ်တမန် သီချင်းက အလွမ်းဓာတ်ခံရှိသူ၊ ဂီတကို ချစ်မြတ်နိုး သူတို့၏ ရင်ကို ထိမှန်ရိုက်ခတ်မည်သာဖြစ်သည်။ ယင်းတိမ်တမန်သီချင်းကို    နားဆင်ကြည့်လျှင် တေးရေးဖြစ်သူ   ဆရာကြီး  မောင်မောင်လတ်၏ ဂီတလက်သံနှင့် အနုပညာအတိမ်အနက်ကို မှန်းဆ သိမြင်နိုင်မည်ဖြစ်သည်။

 


ဆရာကြီးသည် အေဝမ်း၊ လျှပ်စစ်၊ မောင်တင်ဦး၊ မြဇော်စသည့် ရုပ်ရှင်တို့တွင် ရုပ်ရှင်တေးသီချင်းများ စွာကိုလည်း  ရေးသားခဲ့သည်။  ဆရာကြီးကိုယ်တိုင် သီဆိုသော     တေးသီချင်းများအနက်      ချိုပြုံး၊ ပန်းကောက်လှည့်ပါ၊ ကိုယ်သာ၊ ချစ်သူတို့ နားနေရာ၊ အလွမ်းပြေ၊ လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံသည်၊ သူ့အတွက်   ကိုယ့်မေတ္တာ၊   မကြွေပါနဲ့ကွယ်၊   မအို သေးတဲ့ ကိုယ့်ချစ်သူ သီချင်းများမှာ     ထင်ရှားသည်။ အခြားအဆိုတော်များသီဆိုသော သီချင်းများအနက် တင်တင်မြ၏  အချစ်ဆိုသောအရာ၊  မာမာအေး၏ သူနဲ့တွေ့ရင်၊  မဉ္ဇူမြင့်၏ ချစ်ဦးမောင်၊  လွမ်းအောင် သူချွဲ၊   လာမချော့နဲ့မောင်၊   အေဝမ်းတင်တင်လှ၏ ယောင်ပြုံးတုံ့၊  တင်တင်အောင်၏  မေတ္တာရွှေရည်၊ ကြည်ကြည်ဝင်း၏   ချစ်မြားရှင်၊    မြင့်မြင့်စိန်၏ ရွက်ကျမ်းရေချို၊ သောင်းသောင်းနု၏ အညာမိသူ လေး၊   ကိုစိန်လင်း၏    လန်းလန်းလှလှ ကြူကြူ လွင်လွင်၊ ကိုတင်ထွဋ်၏ ပြစ်မျိုးမှဲ့မထင်၊ စန္ဒရား လှထွဋ်၏     တိမ်တမန်သီချင်းများမှာ    ထင်ရှား သည်။

 


ဘဝနှင့် ပုံရိပ်


ဤသို့ တေးရေး၊ တေးဆို၊ စာပေစသည်တို့၌ ဘက်စုံတော်သော ဆရာကြီး ဦးမောင်မောင်လတ် (နောင်) ကို ၁၉၃၃ ခုနှစ်၊ မေလ ၅ ရက်တွင် အဖ ဦးထွန်းစိန်၊ အမိဒေါ်မမလေးတို့က မကွေးတိုင်းဒေသ ကြီး  စလင်းမြို့၌ မွေးဖွားခဲ့သည်။ ၁၉၅၁- ၁၉၅၂ ခုနှစ်တွင်   ချောက်ရေနံမြေ   အစိုးရအထက်တန်း ကျောင်းမှ    တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

 


၁၉၅၇ ခုနှစ်မှစ၍ မြန်မာ့ရေနံကော်ပိုရေးရှင်း တွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင်   ဒုတိယအထွေထွေမန်နေဂျာ   (စီမံခန့်ခွဲ ရေး)၊ ညွှန်ကြားရေးမှူး (ပြန်ကြားရေး) ရာထူးများမှ အငြိမ်းစားယူခဲ့သည်။
၁၉၄၉ ခုနှစ်တွင် ပဒေသာမဂ္ဂဇင်း၌ စလင်း မောင်မိုးဆွေ ကလောင်အမည်ဖြင့်  ကဗျာများကို စတင်ရေးသားခဲ့သည်။ အခြားကလောင်ခွဲများဖြစ် သည့် သုရှင်၊ မောင်မဉ္ဇူ၊ မောင်မောင်လတ်တို့ဖြင့်  လည်း ကဗျာ၊  စာပေများရေးသားခဲ့သည်။  ဆရာ ကြီးသည် ကဗျာ၌သာ အနုပညာအရေးအဖွဲ့ကောင်း သည်မဟုတ်၊ တေးရေး၊ တေးဆို၌လည်း ထူးသည်၊ ထက်သည်၊ ချွန်သည်။  ထို့ပြင်  ဘာသာပြန်စာပေ များကိုလည်း ရေးသားခဲ့သူဖြစ်သည်။

 


၁၉၅၆ ခုနှစ်တွင် စာရေးဆရာ ဘရက်ဟတ်၏ ဖိုးကံကောင်းနှင့်    အခြားဝတ္ထုတိုများ စာအုပ်ကို မောင်အောင်အမည်ဖြင့်လည်း     ရှုမဝမဂ္ဂဇင်း၌ ဘာသာပြန်ထုတ်ဝေခဲ့သည်။   ၁၉၅ဝ    ပြည့်နှစ် ဝန်းကျင်မှစ၍ ယင်းခေတ်အခါက ခေတ်စားခဲ့သည့် မဂ္ဂဇင်းများဖြစ်သော သွေးသောက်၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊  မိုးဝေစသည့် မဂ္ဂဇင်းတို့တွင် ကဗျာများ အဆက်မပြတ် ရေးသားခဲ့သည်။ ကဗျာအပုဒ်ရေ ပေါင်း ၄ဝဝ ခန့်ပင် ရေးသားခဲ့ပြီး ဖြစ်သည်။ ‘‘ဗာလ ၏  ဗလာများကဗျာစု’’၊ ‘‘တတိယရာသီ’’   စာအုပ်နှင့် ‘‘မနက်ဖြန်အတွက်  လှလက်ဆောင်’’  ကဗျာစာအုပ် များ  ထုတ်ဝေခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ‘‘မနက်ဖြန် အတွက်  လှလက်ဆောင်’’  စာအုပ်ဖြင့်  အမျိုးသား စာပေ (ကဗျာ) ဆု    ချီးမြှင့်ခြင်းခံခဲ့ရသည်။

 


၁၉၅၁ ခုနှစ်မှစတင်၍      ဂီတနယ်ပယ်သို့ တေးရေး၊ တေးဆိုအဖြစ် ဝင်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်မှစ၍  ၁၉၇ဝ ပြည့်နှစ်အထိ  တက္ကသိုလ် တေးယဉ်ယဉ် အပျော်တမ်းတူရိယာအဖွဲ့နှင့် ဂီတ အဉ္ဇလီ   တူရိယာအဖွဲ့ ဖွဲ့စည်းပြီး    မြန်မာ့အသံမှ ရေဒီယိုသီချင်းများ ရေးသားဖျော်ဖြေတင်ဆက်ကာ သီချင်းများစွာကိုလည်း ကိုယ်တိုင်သီဆိုခဲ့သည်။

 


လူမှုထူးချွန် (ပထမအဆင့်)၊ အလင်္ကာကျော်စွာဘွဲ့နှင့် နိုင်ငံအတွက် စွမ်းဆောင်ခဲ့သမျှ


ဆရာကြီးသည် စာပေဗိမာန်စာမူဆု စိစစ်ရွေး ချယ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊  မြန်မာ့ဂီတ အစည်းအရုံး     (ဗဟို)  ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး         ကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း၊  မဟာဂီတသီချင်းကြီး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၌ (အရေး) ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာ့တေးဂီတစိစစ်ရေးအဖွဲ့ဝင်အဖြစ်     လည်း ကောင်း  ဆောင်ရွက်လျက်ရှိသည်။ ၂ဝဝ၄ ခုနှစ်တွင် လူမှုထူးချွန် (ပထမအဆင့်) နှင့် ၂ဝဝ၅ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆုတို့ ချီးမြှင့်ခြင်းခံခဲ့ရပြီး ၂ဝ၂ဝ ပြည့်နှစ်တွင်    အမျိုးသားစာပေ   တစ်သက်တာဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။  ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် (တပ်မတော်နေ့) တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာကြီးကို အလင်္ကာကျော်စွာ ဘွဲ့ချီးမြှင့်ခဲ့သည်။

 


ဆရာကြီး၏အတ္ထုပ္ပတ္တိဖြစ်သည့် ဘဝအစိတ် အပိုင်းများကို  ဆက်စပ်ကြည့်ခြင်းအားဖြင့်   ဆရာ ကြီး၏   ပညာအား၊   ဉာဏ်အား၊   အနုပညာနှင့် တိုင်းပြည်အပေါ် တန်ဖိုးထားမှုတို့ကို လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ရှင်းရှင်းလင်းလင်းကြီး တွေ့မြင် နိုင်မည် ဖြစ်သည်။ ကဗျာ၊ စာပေရေးသားရာတွင်ပင် တိုင်းပြည်အပေါ်ကောင်းစေချင်သော    စေတနာ၊ အနာဂတ်မျိုးဆက်တို့အတွက် မိမိကဲ့သို့ အသက် အရွယ်ရလာသူတစ်ဦး၏    ကိုယ်တွေ့အဖြစ်များမှ ထုတ်နုတ်သင်ခန်းစာပေးချင်သော         စိတ်ဓာတ်၊ သဘာဝ၏ အလှတရားများကို မြင်အောင်ကြည့်စေ တတ်ပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ စည်းလုံးခြင်းနှင့် တိုးတက်စေချင်သော စိတ်ရင်းတို့ဖြင့် ကဗျာစာပေတို့ကို ရေးဖွဲ့သီကုံး ခဲ့၏။ ဆရာကြီးသည် အသက်အရွယ်အားဖြင့် ၉ဝ အတွင်း  ချင်းနင်းဝင်ရောက်နေပြီ  ဖြစ်သော်လည်း စာပေနှင့်ဂီတအတွက်ဆိုလျှင် သန်မာဆဲ၊ ဖျတ်လတ် ဆဲပင်     ရှိသေးသည်ကို    တွေ့မြင်နေရသည်မှာ တိုင်းပြည်နှင့်  လူမျိုးအပေါ်  စာပေ၊  ဂီတတို့ဖြင့် အကောင်အထည်ဖော်၍ နှလုံးသား၏ ရည်ညွှန်းရာ အတိုင်း လျှောက်လှမ်းနေနိုင်ခြင်းဟု ယုံကြည်မိ သည်။

 


ယခုအခါ  ဆရာကြီးသည် တို­က် (၆၈)၊  အခန်း (၅)၊  ဖဆပလ (ရေနံတိုက်)၊  မင်္ဂလာတောင်ညွန့် မြို့နယ်  ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက် ရှိသည်။ ဇနီးမှာ ဒေါ်သိင်္ဂီအေးဖြစ်ပြီး သားသမီး လေးဦး ထွန်းကားခဲ့သည်။ ဆရာကြီး၏အမည်ရင်းမှာ ဦးမောင်မောင်လတ် ဖြစ်သည်။

 


ဆရာကြီး  ယခုထက်မက  အသက်ရှည်ရှည် ကျန်းကျန်းမာမာဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် စာပေ၊ ဂီတတို့ဖြင့်   စွမ်းစွမ်းတမံ  ဆတက်ထမ်းပိုးထမ်း ဆောင်နိုင်ပါစေကြောင်း       ဆုတောင်းကာ   ၂ဝ၂ဝ ပြည့်နှစ်အတွက်         အမျိုးသားစာပေ တစ်သက် တာဆုရ    ဆရာကြီးအား   ဂုဏ်ပြုရေးသားအပ်ပါ သည်။     ။

 


ကိုးကား


-    မနက်ဖြန်အတွက် လှလက်ဆောင်၊ နောင်၊ ယောမင်းကြီးစာပေ၊ ၁၉၉၃ ခုနှစ်၊ စက်တင် ဘာလ (ပထမအကြိမ်)
-    ၂ဝ၂ဝ  ပြည့်နှစ်၊  အမျိုးသားစာပေဆု  စိစစ် ရွေးချယ်ရေးကော်မတီနှင့်    အဖွဲ့ငယ်များ အစီရင်ခံစာ
-    Wikipedia