မန်းချောင်းရေလှောင်တမံမှ နွေသီးနှံ စိုက်ဧက ၁၈၇၆၀ ကျော်အတွက် ရေပြည့်ဝစွာ ပေးဝေမည်

 

နေပြည်တော် ဒီဇင်ဘာ ၂၅


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံတွင်  လက်ရှိ အသားတင် ရေပေးဝေနိုင်မည့် ရေလှောင်ပမာဏဧက ပေ ၈၃၂၅၀ သိုလှောင်ထားပြီး  နွေသီးနှံ စိုက်ဧက  ၁၈၇၆၀ ကျော် အတွက် ရေပြည့်ဝစွာ  ပေးဝေသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။

 


“မန်းချောင်းရေလှောင်တမံထဲ     စီးဝင်တဲ့ သိုလှောင်ရေကို တမံအောက်ဘက်မှာရှိတဲ့ စိုက်ဧက တွေ ရေပေးဝေပါတယ်။   အရင်နှစ်က  နွေသီးနှံက ၄၁၉ ဧက၊ မိုးစပါး ၃၂၃၉၂ ဧက စိုက်ပျိုးခဲ့ပါတယ်။ ဒါကြောင့်မို့ အရင်နှစ်က ဆည်ရေသောက်  ဧက စုစုပေါင်း ၃၂၈၁၁ ဧက အတွက် စိုက်ပျိုးရေ ပေးဝေ နိုင်ခဲ့ပါတယ်။  အခုနှစ်မှာ  မိုးစပါး   ၃၂၃၉၂   ဧက  အတွက် စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပြီးတော့  လာမယ့် နွေသီးနှံ စိုက်ဧက  ၁၈၇၆၀ ကျော်အတွက် မတ်လ ၁  ရက်ကစပြီး    စိုက်ပျိုးရေ    ပေးဝေသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုနှစ် မိုးစပါးနဲ့ နွေသီးနှံ စုစုပေါင်း   ၅၁၁၅၂    ဧကအတွက်   တိုးတက် ဆောင်ရွက်ပေးသွားမှာ   ဖြစ်ပါတယ်”ဟု   မင်းဘူး မြို့နယ်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇင်သက်က ပြောသည်။

 


အဆိုပါရေလှောင်တမံကို   ၁၉၉၅    ခုနှစ်က ငဖဲမြို့နယ်ရှိ မန်းချောင်းပေါ်တွင် တည်ဆောက်ခဲ့ပြီး ဆည်အလျား ပေ ၄၄၈၀ ၊ အမြင့် ၁၃၅ ပေ၊ ကန် ရေပြည့်  ရေလှောင်ပမာဏ  ဧက ပေ ၁၂၀၀၀၀  နှင့် ရေဆင်းဧရိယာ ၁၃၆ စတုရန်းမိုင်ရှိသည့် မြေသား ရေလှောင်တမံ အမျိုးအစားဖြစ်သည်။

 


“တောင်သူတွေအတွက်    စိုက်ပျိုးရေဆိုတာ အသက်ပါ။ ကျွန်တော်တို့ ဒေသက အပူပိုင်းဒေသ ဆိုပေမယ့် ဆည်ရေရရှိတဲ့အတွက် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး  စိုက်ပျိုးနိုင်တယ်။  ကျွန်တော်တို့ ဒေသက   တောင်သူတွေက  မိုးကြိုနှမ်း၊  မိုးစပါး၊ နွေစပါး ဒါမှမဟုတ် မိုးစပါး၊ ကုလားပဲ၊ နွေနှမ်း ဆိုပြီး သီးနှံပုံစံ နှစ်မျိုးကိုတော့ စိုက်ပျိုးကြတာ များတယ်။ အခုတော့ မိုးစပါး ရိတ်သိမ်းနေကြပြီးတော့ မတ်လ ဆို နွေသီးနှံ ပြန်စိုက်ကြတော့မှာ ဖြစ်ပါတယ်။ ဒီလို ရာသီပတ်လုံး စိုက်နိုင်တဲ့အတွက် ဆည်ရေဟာ ရွှေပါ ပဲ”ဟု မင်းဘူးမြို့နယ် ကူရွာကျေးရွာမှ တောင်သူ ဦးစန်းအောင်က ပြောသည်။          

အောင်မင်းဟန်
ဓာတ်ပုံ - နေသစ်